ပြည်သူ့ဟစ်တိုင်တွင် မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

ပြည်သူ့ဟစ်တိုင်တွင် မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
ဓာတ်ပုံ- သူရ၊မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာလ ၆ ။              ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် မြန်မာ့တပ်မတော်က ဆောင်ရွက်နေသည့် နယ်မြေရှိ စီးနင်းတိုက်ခိုက်မှုများအား နှိမ်နှင်းနေသည့် ကိစ္စရပ်များ၊      အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ချက်များကို ရခိုင်လူမျိုးများ သာမက တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများပါ ထောက်ခံကြောင်း သိရှိစေရန်အတွက် ဆန္ဒထုတ်ဖော်ရ ခြင်းဖြစ်ကြောင်း တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဦးနိုင်သူလတ်က ပြောသည်။

"အခုလက်ရှိရခိုင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်က ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူး။ အမှုကျူးလွန်တဲ့သူက မြန်မာလူမျိုး မဟုတ်ဘူး။ လူမျိုးခြားဖြစ်နေတယ်။ အဲ့ဒီ လူမျိုးခြားတောင်မှ တရားမဝင်ခိုးဝင်တဲ့ လူမျိုးခြားပုံစံ ဖြစ်နေတယ်။ လူကိုသတ်တယ်။ လက်နက်ကို လုတယ်ဆိုတဲ့ ကိစ္စရပ်က ပုံမှန်တရားဥပဒေလမ်းကြောင်း အတိုင်းသွားရမှာ မဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးကဏ္ဍကနေ သုံးသပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စကို ပြတ် ပြတ်သားသား ကိုင်တွယ်ဖို့ လိုအပ်သလို ထိထိရောက်ရောက် အရေးယူဖို့ လည်းလိုအပ်တယ်။ လက်ရှိ မြန်မာ့ တပ်မတော်ရဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေးမှာ လိုအပ်သလိုဆောင်ရွက်နေမှှုကိုလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးရမယ်။ ကန့်သတ်မှုတွေ မလုပ်သင့်ဘူးပေါ့နော်။ အဲ့ဒီအတွက်ကို ပြည်သူက ထောက်ခံလျက်ရှိတယ်ဆိုတဲ့ အကြောင်းကို တင်ပြချင်လို့ ဒီထောက်ခံပွဲလေးကို စီစဉ်ရတာပါ။ " ဟု ၎င်းကဆိုသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းရှိ ပြည်သူဟစ်တိုင် ကျင်းပသည့် အမျိုးသားလုံခြုံရေးဆောင်ရွက်မှု လူထုထောက်ခံပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ခေတ်အဆက်ဆက် အစိုးရပြောင်းလဲမှုများရှိခဲ့သော်လည်း မြန်မာ့တပ်မတော်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ အချုပ်အခြာအာဏာနယ်မြေများအတွက် အသက်ပေး၍ ကာကွယ်ပေးခဲ့ပြီး ဆက်လက်ကာကွယ်ပေးရမည့် ဖြစ်သည့်အတွက် ထောက်ခံရခြင်းဖြစ်ကြောင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

"ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်၊ လွတ်လပ်ရေး၊ အချုပ်အခြာနယ်မြေ ရှိရှိသမျှအားလုံးကို အသက် ပေးပြီးတော့ အမြဲတမ်း စွန့်လွှတ်စွန့်စားပြီး ကာကွယ်နေရမှာဖြစ်တဲ့အတွက် ကျွန်မ ဒီမြန်မာနိုင်ငံ အတွင်းမှာ ကျွန်မ အချစ်ဆုံး၊ အမြတ်နိုးဆုံးဟာ မြန်မာ့တပ်မတော်ဖြစ်ပါတယ်။" ဟု ၎င်းက ဆိုသည်။

မြန်မာ့တပ်မတော်၏ လုပ်ဆောင်ချက်များကို လက်ရှိအစိုးအနေဖြင့် အသိအမှတ်ပြုပြီး ပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း၊ လက်ရှိ အခြေခံပြဿနာမှာ တရားမဝင်ခိုးဝင်နေထိုင်သူများ ပြဿနာဖြစ်၍ အစိုးအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးအရေးယူပေးရန်၊ ဖမ်းဆီးပေးရန်၊ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန် ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ပြီး ပြည်သူကို ချပြစေချင်စေသောကြောင့် နိုင်ရာတာဝန်မှ ဆက်ပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ဦးနိုင်သူလတ်က ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly