၁၂နှစ်သမီးကို အိမ်ထောင်ချပေးသည့် သြစတြေးလျဖခင် အနည်းဆုံးထောင်ခြောက်နှစ် အထိချမှတ်ခံရ

၁၂နှစ်သမီးကို အိမ်ထောင်ချပေးသည့် သြစတြေးလျဖခင် အနည်းဆုံးထောင်ခြောက်နှစ် အထိချမှတ်ခံရ

ဆစ်ဒနီ၊ ဇူလိုင် ၁၇ ။     ။ ၁၂နှစ်အရွယ်သမီးကို သမီးဖြစ်သူထက် အသက်နှစ်ဆကျော်ကြီးသော အမျိုးသားတစ်ဦးနှင့် အစ္စလာမစ်လက်ထပ် အခမ်းအနားပြုလုပ်ရန် သဘောတူညီခဲ့သော သြစတြေးလျအမျိုးသားတစ်ဦးသည် ဇူလိုင် ၁၇က အနည်းဆုံးထောင်ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။

အသက် ၆၃ နှစ်အရွယ် ထိုဖခင်သည် အသက် ၁၄ နှစ်အောက်ရှိ ကလေး တစ်ဦးကို တရားမဝင်လိင်မှု ကိစ္စအတွက် ရယူပေးခြင်းနှင့် ထိုသူနှစ်ဦးအား လိင်ဆက်ဆံစေရန် အားပေးအားမြောက်ပြုခြင်းတို့အတွက် ဧပြီလကအပြစ် ရှိကြောင်းတွေ့ ရှိခဲ့သည်။မိန်းကလေးမည်သူမည်ဝါဖြစ်ကြောင်းကာကွယ်ရန်အတွက် ဖခင်ဖြစ်သူ၏ အမည်ကိုလည်းမဖော်ပြခဲ့ပေ။

၎င်းအမျိုးသားကမူ စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။" အဲဒီအမျိုးသားဟာ သူ့သမီးအပေါ်မှာ တာဝန်မကျေခဲ့ပါဘူး" ဟု တရားသူကြီး ဒီဘိုရာဆွီးနေက ဆစ်ဒနီရှိ ဒေါင်းနင်းစင်တာခရိုင်တရားရုံးတွင် အမိန့်ချမှတ်စဉ် ပြောကြားခဲ့သည်။

ယင်းအမျိုးသားကမူ ၎င်း၏သမီးငယ် အိမ်ထောင်ပြင်ပလိင်ဆက်ဆံခြင်းအပြစ်မှ ကယ်တင်ရန် ပျိုဖော်ဝင်သည်နှင့် လက်ထပ်ပေးစားရန် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားချက်ကို တရားရုံးက အစောပိုင်းက ကြားနာခဲ့ပြီးဖြစ်သည်။

သြစတြေးလျသို့ ကျောင်းသားဗီဇာဖြင့် ရောက်လာသော အသက် ၂၆ နှစ်အရွယ် လက်ဘနွန်အမျိုးသားတစ်ဦးသည် ထိုမိန်း ကလေးကို သဘောကျခဲ့ရာ မိန်းကလေး၏ဖခင်ကလည်း လက်ထပ်ပေးစားရန် သဘောတူခဲ့သည်။ လက်ထပ်ပွဲကို လွန်ခဲ့ သည့်နှစ်က ဒေသဆိုင်ရာမွတ်စလင်အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦးက ဆစ်ဒနီ၏မြောက်ဖက် ကီလိုမီတာ ၂၅၀ အကွာရှိ ၎င်း၏နေအိမ်တွင် ပြုလုပ်ပေးခဲ့သည်။

သြစတြေးလျဥပဒေက ခွင့်မပြုသော လက်ထပ်ပွဲ၏ ညဘက်တွင် စုံတွဲသည် မိန်းကလေး၏ဖခင် ခွင့်ပြုချက်ဖြင့် ဟိုတယ်တစ်ခုသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ဟိုတယ်တွင် လိင်ဆက်ဆံခဲ့ကြပြီး သီတင်းပတ်ကုန်နောက်ပိုင်း ဖခင်ဖြစ်သူ၏ အိမ်တွင် လည်းနောက်ထပ်နှစ်ကြိမ် ဆက်ဆံခဲ့ကြသည်ဆိုသည်။ ဘာသာရေးအဆုံးအမနှင့် ဆန့်ကျင်သဖြင့် မင်္ဂလာဦးညတွင် ပဋိသန္ဓေတားဆေးမစားရန်နှင့် ကွန်ဒုံးအသုံးမပြုရန် မိန်းကလေးကို ပြောခဲ့သည်ဟု တရားခွင်စစ်ဆေးမှုအတွင်း တရားရုံးက ကြားနာခဲ့သည်။

ဘာသာရေးယုံကြည်ချက်များက ဖြစ်ပျက်ခဲ့မှုကို တရားမျှတအောင်ပြုလုပ်မပေးနိုင်ခဲ့ဟု ဆွီးနေက ဆိုသည်။ မိန်းကလေး၏ ဖခင်ဖြစ်သူမှာ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ၂၀၂၀ပြည့်နှစ်တွင် ခံဝန်ဖြင့်နေထိုင်နိုင်လိမ့်မည်ဟု သိရသည်။ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ ကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုဖြင့် ယခုနှစ်အစောပိုင်း ကထောင်ဒဏ်ခုနှစ်နှစ်ခွဲချမှတ်ခံခဲ့ရသည်။ မိန်းကလေးကိုမူ အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly