မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ပြောင်းလဲနေ

မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ပြောင်းလဲနေ

ရန်ကုန်၊ နိုဝင်ဘာ ၆ ။             ။ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (90B) သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားမြို့ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီး လေဖိအားနည်းရပ်ဝန်း အဖြစ် စတင်လျော့ကျပြောင်းလဲနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မဇ္ဈိမသို့ပြောသည်။

“အခုလောက်ဆိုပြောင်းနေပြီပေါ့ မနက်တည်းကဝင်နေတာဆိုတော့" ဟု ၎င်းကဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ပိုင်း ကမ်းခြေကို နောက်(၆)နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်ကာ၊ တစ်ဖြည်းဖြည်း အား‌လျော့သွားမည်ဟု ခန့်မှန်းရကြောင်း ယနေ့(နိုဝင်ဘာ ၆ရက်)  မြန်မာစံတော်ချိန် ၁၁း၃၀ တိုင်းတာချက်အရ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုန်ပြန် ထားသည်။

“ကုန်းတွင်းပိုင်းမှာ မြန်မာပြည်ဘက်ကိုလာရင်းအားပျော့ပျက်ပျယ်သွားမယ် ဒါပေမယ့် မြန်မာပြည်ဘက်မှာတော့ မိုးရွာသွားနိုင်မယ်" ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်စဉ် မုန်တိုင်းအားပျော့ပျက်ပျယ်သွားပြီး လေဖိအားနည်းရပ်ဝန်းမှာ မြန်မာပြည်ဘက်သို့လာသောကြောင့် မိုးရွာသွန်းမှုများဖြစ်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက် (၄၈)နာရီအတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

 မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly