“မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး ကြီးကျယ်ခမ်းနားစွာအောင်မြင်ပြီး အဓွန့်ရှည်ပါစေကြောင်း”

“မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး ကြီးကျယ်ခမ်းနားစွာအောင်မြင်ပြီး အဓွန့်ရှည်ပါစေကြောင်း”

“အကို အကိုရေ အကို့ ထတော့လေ။ ဒီနေ့ လေ့ကျင့်ရေးကွင်းသွားရမယ် မဟုတ်လား။ နောက်ကျဦးမယ် ထတော့”

မိစုအသံကြောင့် ဇော်လင်းတစ်ယောက် အိပ်မှုံစုံဝါးနှင့် ထကာ ခြင်ထောင်ကိုလှန်ပြီး အပြင်သို့ ထွက်လိုက်သည်။ နံနက် အာရုံတက်ပြီးကာစအချိန်သာ ရှိသေးသောကြောင့် အလင်းရောင်တောင်ကောင်းကောင်းမမြင်ရသေး။ သို့သော် ဒီအချိန်လောက် ထမှ ဖြစ်မည်။ နင့်မို့ဆို လေ့ကျင့်ရေးကွင်း(Training)သို့ အမီရောက်ဖို့ မလွယ်ပေ။

ဇော်လင်းတို့နေသည်က မြို့စွန်မှာ ဖြစ်သောကြောင့် လေ့ကျင့်ရေးကွင်းကိုအရောက်သွားဖို့ ငါးနာရီလောက်မှ မထရင် မမီပေ။ နောက်ကျလျှင်နည်းပြနှင့် အသင်းတာဝန်ရှိသူတွေက ဆူကြ၊ ဟောက်ကြဦးမည်။ ဇော်လင်း၏ဘဝကို နားမလည်လို့တော့ မဟုတ်။ အသင်းအဖွဲ့နှင့်လုပ်ရသည်ဆိုတော့ အားလုံးက “တစ်”ဆို “တစ်”ဖြစ်ရလိမ့်မည်။ ထို့ကြောင့် သူတို့ကို ဇော်လင်းနားလည်ပါသည်။

မျက်နှာသစ်သွားတိုက်ပြီးတော့ မိန်းမပြင်ပေးထားသည့် အိတ်ကိုလွယ်ကာ ထွက်ရန်ပြင်လိုက်သည်။

“အကို့”  မိစု၏ ခေါ်သံနှင့် ဇော်လင်း၏ ခြေလှမ်းအရပ်က စည်းဝါးကိုက်ထားသလားထင်ရလောက်အောင် ပြိုင်တူ ဖြစ်သွားသည်။

“အင်း ပြော၊ မိန်းမ” ဟု ဇော်လင်းပြောလိုက်သည်။

“ပြော ပြော.. အကိုအရင်ပြော” ဟု မိစုက ပြန်ပြောသည်။

‘ပြောပါ။ မိန်းမရဲ့ မင်းအရင်ပြော’

မိစု၏ မျက်လုံးလေး အနည်းငယ်ဝိုင်းသွားပြီး အတန်ငယ်စဉ်းစားသည်။ ပြီးတော့မှ ‘အင်း…အိမ်မှာ ဆန်ကုန်နေပြီ အကို။ အဲ့ဒါ ဒီနေ့ အဆင်ပြေရင် နည်းနည်းလောက် ပိုက်ဆံဆွဲခဲ့ပါဦး’

‘အေး…အေး…အေးပါ အဲ့ဒါကို ညကတည်းက မပြောဘူး။ အကို အဆင်ပြေအောင်လုပ်ခဲ့ပါ့မယ်။ အခု မင်းဆီမှာ ပိုက်ဆံ ဘယ်လောက် ရှိသေးတုန်း’

‘သုံးထောင်လောက်တော့ ကျန်သေးတယ် အကို’

‘အေးကွာ..ဒါဆိုလည်း အကို့ကို တစ်ထောင်ခဏပေးလိုက်’

ဟုတ် ဟုတ် ဟုဆိုကာ အိမ်ခန်းထဲသို့ ဝင်သွားသော မိစု၏ ကျောပြင်ကိုကြည့်ကာ ဇော်လင်း သက်ပြင်းချမိသည်။

ဇော်လင်းနှင့် မိစုတို့၏ ဇာတ်လမ်းအစက ရင်ခုန်ဖွယ်ကောင်းပါသည်။ တက်သစ်စ ဘောလုံးသမားလေး ဇော်လင်းနှင့် ဘောလုံးဝါသနာအိုးလေး မိစုတို့၏ စုံတွဲမှာ သူများတကာတွေလို ပြည့်ပြည့်စုံစုံကြီး မဟုတ်ပေမယ့် လိုက်ဖက်သည်ဟု ချီးမွမ်းခံရသည်။

ဇော်လင်းက သာမန်မိသားစုက ပေါက်ဖွားလာသူ တစ်ဦးဖြစ်ပြီး ငွေကြေးပြည့်စုံသူမဟုတ်ပေ။ မိဘများက ကျောင်းပညာရေးကို အမွေပေးသော်လည်း ဘောလုံးကန်ခြင်းကိုသာ နှစ်သက်သည့် ဇော်လင်းက ၁၀ တန်းနှစ်ခါကျပြီးချိန်တွင် ပညာရေးကို စွန့်လွှတ်ပြီး ဘောလုံးသမားဖြစ်ရန်သာ ကြိုးစားခဲ့သူဖြစ်သည်။

သူ၏ကြိုးစားမှုများအရာထင်ခဲ့ပါသည်။ မြန်မာနေရှင်နယ်လိဂ်ကြီး ပေါ်ပေါက်လာပြီး မကြာမီမှာပင် ချန်ပီယံအသင်းများကို ဒုက္ခပေးနိုင်သည့်အသင်း၌ လူငယ်ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့နောက် ဇော်လင်း၏ကြိုးစားမှုကြောင့် အသင်းကြီးသို့ ခေါ်ယူခြင်းခံခဲ့ရသည်။ နေရှင်နယ်လိဂ်တွင် ကစားခွင့်ရလာသည့်အတွက် ဇော်လင်းကို လူသိအနည်းငယ်များလာခဲ့သည်။

ထို့ကြောင့် သူတို့အသင်းအိမ်ကွင်းရှိရာ နယ်မှာသွားကစားရင်း ဘောလုံးဝါသနာအိုးလေး မိစုနှင့် တွေ့ကြခြင်းဖြစ်သည်။ မိစု၏မိဘများက ဇော်လင်းတို့ထက် တတ်နိုင်သောသူများဖြစ်သော်လည်း ချမ်းသာလွန်းသည့် အသိုင်းအဝိုင်းမျိုးတော့ မဟုတ်။ မိစု၏ ပြေပြစ်သည့် ရုပ်ရည်ကြောင့် မိဘများမှာ သမက်ကောင်းကောင်းရနိုင်မည်ဟု မျှော်လင့်နေခဲ့ကြသည်။ သို့သော် မိစုတစ်ယောက် ဇော်လင်းနှင့်ချစ်သူတွေဖြစ်လာတော့ မိဘများက သဘောမတူကြပေ။

ဇော်လင်းက အနာဂတ်တောက်ပနေသည့် လူငယ်ကစားသမားတစ်ဦးဖြစ်သော်လည်း လက်ရှိတွင် သာမန်ဘောလုံးသမားတစ်ဦးသာဖြစ်ပြီး လစာငွေမှာလည်း ပြောပလောက်အောင် ရရှိနေသူ မဟုတ်သေး။ ဇော်လင်း၏အနေအထားက မိစု မိဘများမျှော်လင့်ထားသည်နှင့် များစွာ ကွာဟနေသည်။ ထို့ကြောင့် သဘူမတော။ သဘောမတူပေ။

မိစုကို ပြောမရသည့် အဆုံးတွင်တော့ လူကြီးတွေက တစ်မျိုးကြံကြသည်။

မိစု၏အဖေက ‘ ကောင်းပြီ.. အခုတော့ သဘောတူထားပေးမယ်။ ဒါပေမဲ့ မောင်ဇော်လင်းက ကြိုးစားဦး ဟုတ်လား။ မင်းအနေနဲ့ ဒီထက်ပိုအောင်မြင်လာပြီး အိမ်ထောင်တစ်ခုကို ထူထောင်နိုင်တဲ့ ဝင်ငွေ ရရှိပြီဆိုရင် ဦးတို့က မင်းတို့နှစ်ယောက်ကို လက်ထက်ပေးမယ်’ လို့ ကြိုးရှည်ရှည်ဖြင့် လှန်လိုက်ကြသည်။

သို့သော် ဖြစ်ချင်တော့ ဇော်လင်း မရှိခိုက်တွင် မိစုကို အိမ်ထောင်ချပေးရန် မိဘများက စီစဉ်ကြသည်။ ဘောလုံးသမားသည်သာ သူမဘဝ၏ အဖော်မွန်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည့် မိစုတစ်ယောက် မိဘများ၏ စေတနာတို့ မေတ္တာတို့ ဘာတို့ ညာတို့ မမြင်နိုင်တော့။ ဇော်လင်းရှိရာ ရန်ကုန်သို့ အရောက်လိုက်လာခဲ့တော့သည်။

အဲ့ဒီမှာတင် မောင်ဇော်လင်းနှင့် မစုစုလွင်တို့၏ အချစ်ဇာတ်လမ်းလေးက ကတ္ထီပါလမ်းမှ ခရောင်းလမ်းသို့ ပြောင်းလဲသွားပေတော့သည်။

တူနှစ်ကိုယ်ချစ်တိုင်းပြည်ထူထောင်မည့် လူငယ်နှစ်ဦးတွင် ဇော်လင်းတစ်ဦး၏ လစာငွေသာ ရှိသည်။ ကျောင်းတန်းလန်းနှင့် မိစုမှာ ချစ်ရုံကလွဲလို့ ဘာမှလုပ်တတ်သည်မဟုတ်။ ထို့ကြောင့် ဇော်လင်းမိဘများကလည်း မကြည်ဖြူ။ နောက်ဆုံးတွင်တော့ ရန်ကုန်မြို့စွန်က အိမ်ကလေးသို့ ဇော်လင်းတို့ လင်မယားနှစ်ယောက် ရောက်ရှိရတော့သည်။

အခုတော့ ဇော်လင်းတို့၏ အိမ်ထောင်သက်က သုံးနှစ်ရှိလာပြီဖြစ်ပြီး သားလေး ဖိုးတီတောင် တစ်နှစ်ကျော်အရွယ်ရှိပြီ ဖြစ်သည်။

မိစုတစ်ယောက် ရပ်ကွက်အတွင်း အဆင်ပြေမည့် အလုပ်လေးများ ရှာကြံလုပ်သော်လည်း မိဘရင်ခွင်ထဲ ဘာမှ မလုပ်ခဲ့ဖူးသည့် အပျိုလေးမှာ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်။ ဒီတော့ အားလုံးက ဇော်လင်းခေါင်းပေါ်တွင်သာ။

သူတို့လင်မယား ညားကာစက ဇော်လင်း၏ လစာငွေမှာ သုံးသိန်းသာ ဖြစ်သည်။ သူတို့ မပြေလည်လွန်းတာသိလို့ အသင်းမန်နေဂျာ၏ကောင်းမှုကြောင့် မကြာသေးခင်က တစ်လ လေးသိန်း ခံစားခွင့်ရရှိခဲ့သည်။

ဇော်လင်းတို့၏ အခက်အခဲများ ခဏတာ ပြေလည်သွားသော်လည်း အရင်က ရှိနေသည့် အကြွေးများနှင့် သားငယ်၏စရိတ်များကြောင့် အရင်လိုပဲ လုံးလည်ချာလည် လိုက်နေရပြန်သည်။

၂၀၁၆ ဘောလုံးရာသီပြီးသွားချိန်မှာတော့ ဇော်လင်းတို့လို ဘောလုံးသမားတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်လာခဲ့ရသည်။

‘မြန်မာနေရှင်နယ်လိဂ်ကြီး ပျက်တော့မည်’

ဘယ်က ဘယ်လို လာမှန်းမသိသော ကောလာဟလ သတင်းကြီးက ဇော်လင်းရင်ကိုပါမဟုတ် ခေါင်းရော ကလီဇာတွေရော တစ်ကိုယ်လုံးကိုပါ ရိုက်ခတ် တုန်လှုပ်သွားစေသည်။

ဟုတ်တယ်လေ။ သိတတ်စကတည်းက ဘောလုံးကန်လာတာ။ ဒါပဲ လုပ်တယ်သည်။ ဘာမှ မလုပ်တတ်။ ပညာကလည်း တစ်ပိုင်းတစ်စ။ ကိုယ့်နောက်မှာကလည်း မိန်းမနဲ့ကလေးနဲ့။

မိန်းမရသွားပြီး ရုန်းကန်နေရသည့်အတွက် အားကစားဘက်မှာ အာရုံလျော့နည်းလာပြီး ဇော်လင်း၏ ခြေစွမ်းက တိုးတက်မှုတန့်သွားကာ အသင်းမှာ နေရာရသည်ဆိုရုံ။ အသက်မွေးဝမ်းကြောင်းဖြစ်နေလို့ ကိုယ့်ကိုကိုယ်တောင် မနည်းဂရုစိုက်နေရသည်။

အခုတော့ အသင်းတွေက ပြန်အပ်၊ လိဂ်က မတည်မငြိမ်နဲ့ဆိုတော့ ဇော်လင်း တစ်ကိုယ်လုံးတုန်ရသည်မှာ မဆန်းကြယ်တော့။

သတင်းတွေကို နားစွင့်နေရသည်။ လိဂ်ကော်မတီအစည်းအဝေးလုပ်ကြသည်တဲ့။

လိဂ်ကတော့ ဆက်ရှိနေမည်။ အသင်းတွေအစားထိုးပြီး ရှေ့ဆက်ကြမည်။ အိမ်ကွင်းမရှိသည့် အသင်းတွေတောင် အိမ်ကွင်းများလုပ်ကြဦးမည်ဟု တာဝန်ရှိသူတွေက ပြောသည်တဲ့။

အိုး..ဇော်လင်းပျော်လိုက်သည့် ဖြစ်ခြင်း။ သားလေးမွေးတုန်းက ကဲ့သို့ပင် ပျော်သည်။ သားဆိုသည့် အတွေး ခေါင်းထဲရောက်လာသည်နှင့် ဇော်လင်းသူ့ဘဝကို သူ အားမရတော့။ ကုန်ဆုံးသွားသော အချိန်တို့ကို ပြန်နှမြောနေမိသည်။ မိုက်လိုက်သည့်ငါ။ ဘယ်မလဲ မြန်မာ့လက်ရွေးစင်ဆိုတဲ့ ဘဝရဲ့ မျှော်လင့်ချက်ကြီး။

မိုးသားတိမ်စိုင်တွေလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပဲ။ အသက်ကလည်း အရွယ်ကောင်းရှိသေးတာ။ မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ လက်မလွတ်စကောင်းဘူး” ဟု ကိုယ့်ကိုကိုယ်ပြန်အားပေးမိသည်။

သို့သော် ဒဏ်ကြေလိမ်းဆေးလောက်နှင့် ပြီးခဲ့သော ဒဏ်ရာတွေက ဇော်လင်း၏ ခြေထောက်နှစ်ဖက်စလုံးမှာ အပြည့်။ နေရာတစ်နေရာရလာဖို့ ပေးဆပ်ခဲ့ရမှုတွေက ကြီးမား များပြားလွန်းလှသည်။ အသင်းက တာဝန်ယူကုသပေးသည်မှာ မှန်သော်လည်း အသင်းကြီးသို့ရောက်ရှိပြီးနောက်မှ ရရှိခဲ့သည့်ဒဏ်ရာများနှင့် ကြီးမားလွန်းသည့် ဒဏ်ရာများအတွက်သာ ဖြစ်သည်။

ဒဏ်တွေဆင့်နေသည့် ဒဏ်ရာတွေက ပွဲတစ်ပွဲကစားပြီးချိန်တိုင်း ဇော်လင်းကို နှိပ်စက်နေကြပြီ။ ပွဲကြည့်စင်ပေါ်မှ မိစု၏ အားပေးသံများနှင့် အိမ်ခန်းအတွင်းမှ မိစု၏ ဂရုဏာသံက ကွာခြားသွားလေပြီ။

စာစောင်တွေထဲမှာ မြင်ဖူးနေသော နိုင်ငံခြားက ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးမယားတွေလို အဖိုးအတန်ဆုံးဆိုသော အင်္ကျီအဝတ်အစားတွေဝတ်ပြီး တန်ဖိုးကြီးဇိမ်ခံကားတွေစီးလိုသည့် မိစုတစ်ယောက် အခုတော့ သူ့သားဖိုးတီ ၀၀လင်လင်စားသောက်ရရေးကိုသာ တွေးပူတတ်နေပြီ ဖြစ်သည်။

လေ့ကျင့်ရေးကွင်းသို့ နံနက် ၇ နာရီခွဲတွင် ဇော်လင်းရောက်ရှိသွားခဲ့သည်။ မျက်ခင်းပြင်ပေါ်ကို ရောက်သွားပြန်တော့လည်း အသွေးအသားများက အလိုလို လန်းဆန်းလာခဲ့သည်။ အသင်းဝတ်စုံနှင့် ဘောကန်ဖိနပ်ခြေအစုံကို ပြန်ကြည့်ပြီး ကျေနပ်သွားသည်။

ဘောလုံးသမားတစ်ဦးဖြစ်နေရသည်ကို စိတ်ထဲက ဂုဏ်ယူဝမ်းမြောက်လာမိပြန်သည်။ မြန်မာနေရှင်နယ်လိဂ်ဆိုသည်မှာ ဒီနိုင်ငံတွင် အမြင့်ဆုံးလိဂ်ပြိုင်ပွဲ၊ ဒီလိုပြိုင်ပွဲမှာ ဝင်ပြိုင်နေသည့် ဒီလိုအသင်း၏ ကစားသမားတစ်ဦးဖြစ်ရသည်မှာ ဂုဏ်ယူစရာမဟုတ်ဟု ဇော်လင်းဘယ်လိုမှ တွေးလို့မရ။ ထို့ကြောင့် ကြည်နူးစိတ်က ဖြစ်ရပြန်သည်။

ဘောလုံးကွင်းထဲရောက်သွားလျှင် အားလုံးကို မေ့သွားပြီး စိတ်ပျော်ရွှင်မှုရသည်ကတော့ ဘာနှင့်မှ လဲလို့မရ။ ဒီလိုစိတ်ကျေနပ်မှုကို ဘောလုံးသမားများသာ သိနိုင်မည်ဟု ဇော်လင်းထင်သည်။ ထို့ကြောင့် အသင်းဖော်တွေနှင့် ပျော်ရွှင်စွာပြုလုပ်ခဲ့သော လေ့ကျင့်ရေးအစီအစဉ်၏ အချိန်များသည် ဘယ်လိုကုန်ဆုံးသွားသည်မသိလိုက်။ ဒီနေ့အဖို့ ထူးထူးခြားခြား မပင်ပန်းသည်ကို သူ့ကိုယ်သူပင် အံ့သြနေမိသည်။

လေ့ကျင့်ရေးပြီးဆုံးသွားပြီး အကြောလျှော့၊ ရေသောက်၊ အမောဖြေပြီး ဖိနပ်ချွတ်လိုက်ချိန်မှာတော့…. လက်ရှိဘဝထဲကို ဇော်လင်း ပြန်ရောက်သွားရတော့သည်။

အားလုံးပြန်ဖို့ ပြင်ဆင်နေကြပြီ။ ဇော်လင်း၏ခေါင်းက စဉ်းစားရလေပြီ။ ကနေ့ အိမ်အပြန်အတွက်တော့ ငွေအနည်းငယ်ပါသွားမှကို ဖြစ်မည်။ မည်သူ့ကို အကူအညီတောင်းရမည်နည်း။ အသင်းဖော်အများစုကလည်း သူလိုကိုယ်လို ကိုယ့်မိသားစုနှင့်ကိုယ်။ သူတို့မှာ အနည်းငယ်ပိုလျှံကြသော်လည်း သူများကို အကူအညီအမြဲပေးလောက်အောင်တော့ ကြွယ်ဝကြသူများမဟုတ်ပေ။

အသင်းသားတွေထဲက ကိုယ့်ထက်လစာမြင့်ပြီး အဆင်ပြေသူများရှိသော်လည်း လတိုင်းနီးပါး ကိုယ်က အကူအညီတောင်းနေရတော့ မျက်နှာပူလှပြီ။

နောက်ဆုံးတော့ အသင်းမန်နေဂျာစီကိုသာ အပူကပ်ရန် ဆုံးဖြတ်လိုက်ရသည်။

‘ဆရာ..’  ဇော်လင်း၏ ခပ်အုပ်အုပ်ခေါ်သံ။

မန်နေဂျာ၏ တုန့်ပြန်သံက ‘အာ..ဆရာမလုပ်ပါနဲ့ဟ…ငါ့ကောင်ရ။ ကဲဆို .. ဘာဖြစ်ပြန်ပြီတုန်း’

‘အင်း ငွေနည်းနည်းလိုလို့ဆရာ…ဖြစ်နိုင်ရင် လခ နည်းနည်းလောက် ကြိုထုတ်ချင်လို့..’

‘ဟေ.. နင့်ကို လခကြိုထုတ်ပေးရအောင် ငါက ငွေကိုင်မှ မဟုတ်တာဟ။ ပြီးတော့ ကြိုထုတ်လို့လည်း ရမှ မရတာ’

မန်နေဂျာကြီး ပြောတာလည်း ဟုတ်သည်။ သူက လခ ကြိုထုတ်ပေးနိုင်သူမှ မဟုတ်တာ။ ဇော်လင်း စဉ်းစားရပြန်လေပြီ။ မိန်းမနှင့်သားငယ်မျက်နှာက အတွေးထဲ ချက်ချင်းဝင်လာသည်။ မတတ်နိုင်တော့ ဂျာကြီးကိုသာ မဖြစ်ဖြစ်အောင် အကူအညီတောင်းရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

‘ဆရာ ပြောတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့ပိုက်ဆံမရလို့ မဖြစ်လို့ပါ။ ဖြစ်နိုင်ရင် ကူညီပါဦးဗျာ။ ဟိုကောင်တွေဆီကလည်း အကူအညီမတောင်းချင်တော့လို့ လတိုင်းလို ဖြစ်နေပြီ’

မန်နေဂျာကြီးခေါင်းကုတ်သည်။ ပြီးတော့ စိတ်ပျက်လက်ပျက်ဖြင့် ‘ အေး..အေး.. အေးကွာ ဘယ်လောက်လိုတာတုန်း’

‘အဆင်ပြေရင်တော့ ငါးသောင်းလောက် လိုချင်တယ် ဆရာ’

‘ဟ ငါ့လည်း အဲ့လောက်တော့ မရှိဘူးဟ။ သုံးသောင်းယူသွားကွာ။ ငါလည်း မင်းသိတဲ့အတိုင်း အဲ့လောက်ကြီး အဆင်ပြေတာ မဟုတ်ဘူး’ ဟု ဆိုကာ ငွေသုံးသောင်းကို ထုတ်ပေးရှာသည်။

‘ကျေးဇူးပါပဲ ဆရာရယ်’ ဟု ဆိုရင်း ဇော်လင်းလက်များက ငွေဆီကို ရောက်နေပြီ ဖြစ်သည်။ ထို့နောက် လက်ထဲရောက်လာသော ထောင်တန်များနှင့် ငါးထောင်တန်အချို့ကို အိတ်ထဲသို့ သေချာစွာထည့်ကာ ဇော်လင်း တစ်ချက်တွေခနဲပြုံးလိုက်မိသည်။

မကြာမီ လကုန်တော့မည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ဇော်လင်း အနည်းငယ်တော့ စိတ်အေးရပြီ။ မိန်းမစားချင်တာ ဝယ်ကျွေးပြီး ဖိုးတီအတွက် အင်္ကျီအသစ်ကလေးတစ်စုံလောက်တော့ ဝယ်ပေးချင်သည်။ ဝယ်ပေးနိုင်ကောင်းပါသည်ဟုလည်း စိတ်ကတွေးသည်။

ဇော်လင်းတို့လို ကစားသမားတွေအတွက် မြန်မာနေရှင်နယ်လိဂ်သည် အားထားရာ၊ ရပ်တည်ရာ၊ အသက်မွေးရာ အရပ်ဖြစ်သည်။ လိဂ်၏အဆင့်အတန်းကျဆင်းနေသည်ဟု ဝေဖန်မှုများ၊ မြန်မာနေရှင်နယ်လိဂ်ကြည့်မယ့်အစား နိုင်ငံခြားပွဲတွေကို အိမ်မှာပဲ ထိုင်ကြည့်မှာပေါ့ကွာ ဆိုသည့် အပြောများ၊ အလကားပါကွာ. အချိန်ကုန်.ငွေကုန်..လူပင်ပန်းတာပဲ အဖတ်တင်တယ်။ ဘာမှလည်းမဟုတ်ပါဘူး ဆိုသည့် စကားများသည် ပြောသူ၊ ဆိုသူတို့အတွက် မှန်ကောင်းမှန်မည်ဖြစ်သော်လည်း ဇော်လင်းတို့အတွက်တော့ မမှန်ပေ။

မြန်မာနေရှင်နယ်လိဂ်ကြီး ဒီထက်အဆင့်မြင့်လာပြီးအောင်မြင်လာဖို့ကို ဇော်လင်းကတော့ ဆုတောင်းသည်။ လိဂ်ကို မပြိုပျက်သွားစေချင်။ အိမ်နီးချင်းနိုင်ငံများက လိဂ်တွေလောက် အောင်မြင်လာပြီဆိုလျှင်ပင် ဇော်လင်းတို့မိသားစုလည်း ယခုထက်ပိုမိုကောင်းမွန်သော အိမ်တွင် နေပြီး ယခုထက်ပိုမိုကောင်းမွန်သော အစားအသောက်များစားသောက်ကာ အဆင့်မြင့်မြင့်နေထိုင်နိုင်မည်ဟု ယုံကြည်သည်။

ထိုသို့မဟုတ်ဘဲ ကောလာဟလ သတင်းတွေလို လိဂ်ကြီးသာ ပြိုပျက်သွားပါက အရင်ဆုံးဒုက္ခရောက်မည်မှာ ဇော်လင်းတို့လို ဘောလုံးသမားများသာ ဖြစ်သည်။ ထိပ်တန်းလစာငွေရရှိနေသည့် အနည်းငယ်သော ကစားသမားများမှအပ ကျန်ကစားသမားအများစုမှာ ဒုက္ခရောက်ကြရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘောလုံးသမားများကို မှီခိုနေရသော မိသားစုအသိုင်းအဝိုင်းများ ကျပ်တည်းကြရလိမ့်မည် ဖြစ်သည်။

သားလေး ဖိုးတီကို ကိုယ့်လို ဘောလုံးသမားတစ်ဦးသာ ဖြစ်စေချင်သည်။ ကိုယ့်မဖြစ်နိုင်တော့သော နိုင်ငံလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် ပရိသတ်များ၏ ချစ်ခင်ယုယမှုကို ခံယူစေလိုသည်မှာ ဇော်လင်း၏ ရင်ထဲတွင် အမြဲရှိသော ဆန္ဒအမှန်ဖြစ်သည်။ ထို့ကြောင့် ဇော်လင်းရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိသည်။

“မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီး ကြီးကျယ်ခမ်းနားစွာအောင်မြင်ပြီး အဓွန့်ရှည်ပါစေကြောင်း”

မှတ်ချက် - ယခုဆောင်းပါးသည် စာရေးသူ၏ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly