Brexit နှင့်ပတ်သက်၍ ပိတ်ပင်တားဆီးလိုနေကြသည့် ပါလီမန်အမတ်များအား ဗြိတိန်ဝန်ကြီးချုပ် သတိပေး

Brexit နှင့်ပတ်သက်၍ ပိတ်ပင်တားဆီးလိုနေကြသည့် ပါလီမန်အမတ်များအား ဗြိတိန်ဝန်ကြီးချုပ် သတိပေး

နိုဝင်ဘာ ၆ ။          ။ ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနှုတ်ထွက်ရေးလုပ်ငန်းစဉ် Brexit နှင့် ပတ်သက်၍ တားဆီးပိတ်ဆို့ရန်လုပ်ဆောင်နေကြသည့် လွှတ်တော်အမတ်များအား ဝန်ကြီးချုပ် ထရီဇာမေက သတိပေးပြောကြားလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်ပါလီမန်၏ အတည်ပြုချက်မရမချင်း သူမတို့အစိုးရအနေဖြင့် အီးယူမှ ထွက်ခွာရေးလုပ်ငန်းစဉ်ကို စတင်နိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်တရားရုံးချုပ်က ထုတ်ပြန်ပြီးနောက်ပိုင်း ထရီဇာမေက အထက်ပါအတိုင်း သတိပေးသွားခဲ့ခြင်းဖြစ်သည်။

အလားတူ နိုဝင်ဘာ ၃ ရက် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကွန်ဆာတေးဗစ်အစိုးရဘက်က အယူခံဝင်သွားမည်ဖြစ်ကြောင်း မေ က ပြောကြားသွားခဲ့သည်။

ဇွန်လက ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲရလဒ်ကို ကပြောင်းကပြန်ဖြစ်စေရန် ပါလီမန်အမတ်များဘက်မှ အားထုတ်မှုများ ရှိနေသည်နှင့်ပတ်သက်၍ မေ က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၍ သတိပေးသွားခဲ့သည်။

“ ထွက်ပေါ်ထားတဲ့ ရလဒ်က ရှင်းနေပြီပဲ၊ ဒါ တရားဝင်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့  ဒီရလဒ်နဲ့ပတ်သက်ပြီ. နောင်တရနေကြတဲ့အမတ်တွေဘက်ကလည်း ပြည်သူတွေ ဆုံးဖြတ်ထားပြီးသား ရလဒ်တစ်ခုကို အသာတကြည်လက်ခံပေးဖို့ လိုပါလိမ့်မယ်” ဟု ထရီဇာမေက ပြောကြားသည်။

“ ခုချိန်မှာ ကျွန်မတို့ နိုင်ငံအတွက် ဘယ်လိုအကောင်းဆုံး ရလဒ်တွေ ရဖို့ လုပ်ရမလဲဆိုတာကိုပဲ ကျွန်မတို့ စိတ်ထဲမှာ တွေးထားသင့်ပါပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly