သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည်

05 November 2016
သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်တုန်းကတော့ ဒီဒေသဟာ အမြှောက်သံ တဝုန်းဝုန်းနဲ့ ဗုန်းသံ သေနတ်သံတွေနဲ့ တိုက်ပွဲချီသံတွေနဲ့ပါ။

ဒီလို တောတောင်လျှိုမြောင်း ကျောက်ဆောင်အထပ်ထပ် တောနက်နက် ငှက်ဖျားကြမ်းကြမ်းကြားမှာပဲ ကျွန်မတို့ ဘိုးဘေးတွေဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတယ်။ တောကနက်လို့ ငှက်ဖျားဒဏ်ကို အလူးအလည်း ခံခဲ့ကြရတယ်။ သူရဲကောင်းတွေ ကျဆုံးခဲ့ရတယ်။ ဆေးမမှီလို့ ရေတိမ်နစ်ခဲ့ကြရတယ်။ ပြီးတော့ ဒီတောတောင်တွေ လှပတဲ့ မြင်ကွင်းတွေရဲ့နောက်မှာ သမိုင်းတချို့ဟာလည်း အရောင်မှေးမှိန်ခဲ့ရတယ်။

 ဒီနေရာမှာပဲ တိုင်းပြည်လွတ်လပ်ရေးအတွက် အရာရာစွန့်လွှတ်ခဲ့တဲ့ ဖြူစင်ရိုးသားလှတဲ့ စစ်ပရိယာယ် ကျွမ်းကျင်စွာ တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းတစ်ဦးဟာ တိုင်းပြည် လွတ်လပ်ရေးမရခင် မထင်မရှား ကွယ်လွန်ခဲ့ရတယ်။

သူကတော့ ဗိုလ်မှူးကြီးဗထူးပါ။ အဲဒီဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုမှတ်တမ်းတင်နိုင်ဖို့အတွက် ရှမ်းပြည်နယ်ကို ခရီးထွက်ခဲ့ကြပါတယ်။

အခု ကျွန်မတို့ သွားနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်ခုဖြစ်တဲ့ ရွာငံမြို့ကိုပါ။ ရွာငံမြို့မှာ ခရီး တစ်ထောင့်နားပြီးတာနဲ့ ဓနုရွာလေးကို ခရီးဆက်ကြရဦးမှာ ဖြစ်ပါတယ်။ ရွာငံမြို့ကို တောင်ပိုင်းကနေ လာမယ်ဆိုရင် ကလော၊ အောင်ပန်းလမ်းကနေ လာသလို မြောက်ပိုင်းကနေ လာမယ်ဆိုရင်တော့ ကျောက်ဆည်၊ ဟန်မြင့်မိုရ် လမ်းဘက်ကနေ လာနိုင်ပါတယ်။ အခုတော့ ကျွန်မတို့က ကျောက်ဆည်၊ ဟန်မြင့်မိုရ်လမ်းကနေ သွားဖို့ ရွေးချယ်ထားပါတယ်။

ရန်ကုန်၊ မန္တလေး ကားလမ်းဟောင်းကတော့ ဖြတ်သွားဖြတ်လာယာဉ်တွေ နည်းနေပါပြီ။ ကျွန်မတို့အဖွဲ့ ကျောက်ဆည်မြို့ကို ရောက်တာနဲ့ ရွာငံလမ်းခွဲအတိုင်း ဆက်ပြီး ခရီးနှင်ခဲ့ကြပါတယ်။ လမ်းတလျှောက်မှာ စိန်တစ်လုံးသရက်သီးတွေ ရောင်းနေတဲ့ ဆိုင်တန်းလေးတွေ သရက်သီး ပျိုးခင်းတွေ၊ သရက်ခြံတွေ တော်တော်များများကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းခရီးမှာရှိနေတဲ့ သံရွာဆိုတာက စိန်တစ်လုံးသရက်သီးတွေ အကြီးအကျယ် စိုက်ပျိုးကြတဲ့ ရွာဖြစ်သလို စိန်တစ်လုံးသရက် စတင်ရာ နေရာဖြစ်နေလို့ပါ။ ဟန်မြင့်မိုရ်ရွာက ထွက်လာပြီဆိုရင်ပဲ မှိုင်းပျပျ တောင်တန်းကြီးတွေကို လှမ်းမြင်နေရပါပြီ။

အိမ့်မျက်တို့ Tasty Trip အဖွဲ့တွေ အခုဆိုရင် သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့တဲ့ ရွာလေးကို သွားနေတာပါ။ အဲဒီရွာလေးကတော့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံဒေသထဲမှာ တည်ရှိနေပါတယ်။

အခု အိမ့်မျက်တို့ ရောက်နေတာကတော့ မြို့ကြီးရွာပါ။ မြို့ကြီးရွာဆိုတာက မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ရဲ့ အဆုံး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒီရှမ်းပြည်နယ်ကြီးရဲ့ အစပေါ့နော်။ ဒါကြောင့်မို့ မြေပြန့်ဒေသကနေ ဒီဘက် တောင်ပေါ်ဒေသကို ပြောင်းလဲလာပြီ ဖြစ်တဲ့အတွက် မြင်ကွင်းတွေကလည်း မြေပြန့်ဒေသနဲ့ မတူပဲနဲ့ အကုန်လုံး ပြောင်းလဲလာပြီပေါ့နော်။

အိမ့်မျက်တို့ အခု ဒီမြို့ကြီးရွာကနေ ဆက်ပြီးတော့ သွားမယ်ဆိုရင် အိမ့်မျက်တို့ တောင်တက်လမ်းတွေကိုပဲ ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ တောင်တက်လမ်းတွေက ကျဉ်းလည်းကျဉ်းသလို အရမ်းလည်း မတ်စောက်တယ်လို့ ပြောပါတယ်။ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာတော့ ကောင်းမှာပေါ့နော်။ အခုတော့ ရာသီဥတုကတော့ တကယ့်ကို အုံ့မှိုင်းမှိုင်းနဲ့ အိမ့်မျက်တို့ အခုရောက်နေတာ မိုးရာသီအစဆိုတော့ ဒီဘက်ဒေသတွေက အမြဲတမ်း ဖွဲဖွဲရွာတက်တယ်ဆိုတော့ အရမ်းကို လွမ်းဖို့ ကောင်းပါတယ်။ ဒီလမ်းကြောင်းလေးက တော်တော်လှတယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ ခရီးစတင်ချိန်မှာ မုတ်သုန်အဝင်စောလို့ မိုးကလည်း ခပ်ဆွေဆွေရွာလို့ လှမ်းမြင်လိုက်တဲ့ တောင်တန်းတွေ စိမ်းစိုနေတဲ့ ရှုခင်းတွေကလည်း မိုးမြူတွေနဲ့ ဖုံးလို့ ပတ်ဝန်းကျင်ကိုတောင် ကောင်းကောင်း မမြင်ရပါဘူး။ တောင်တက်လမ်းတွေက ကျဉ်းတယ်။ ကားတစ်စီးလာရင် တစ်စီးက ဘေးကပ်ပြီးတော့ ရပ်ပေးထားရတယ်။ လမ်းမှာတော့ စက်ယန္တရားကြီးတွေကို သုံးပြီးတော့ တောင်တွေကို ဖြိုချနေကြပါတယ်။ လမ်းကို ချဲ့နေကြတာပါ။ လမ်းကို ချဲ့ပြီးရင်တော့ ၁၀ ဘီးကားတွေက သွားလို့ရပါတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်တော့ ရှမ်းပြည်နယ်နဲ့ မန္တလေး ကုန်စည်စီးဆင်းမှု မြန်သွားမှာဖြစ်သလို ရွာငံမြို့လို အေးချမ်းပြီး တိတ်ဆိတ်တဲ့ မြို့လေးက ခရီးသွားလုပ်ငန်းအတွက် အများကြီး အလားအလာ ရှိသွားမယ်လို့လည်း ဆိုပါတယ်။ အခုဆိုရင် တောင်တက်လမ်းကြီးတွေက တဖြည်းဖြည်း မတ်လာပါပြီ။ နားတွေလည်း တဖြည်းဖြည်းနဲ့ အူလာတာကို သတိထားမိတယ်။

အိမ့်မျက်တို့ အခုလာနေတာ ရွာငံကိုရောက်ဖို့ လမ်း တစ်ဝက်ကျိုးနေပါပြီ။ ဒါပေမယ့် တောင်တက်လမ်းတွေကို တက်လာတာ တောတော်တော့ မြင့်နေပြီ။ အောက်ကို ကြည့်လိုက်ရင် မြူ ခိုးတွေ တိမ်တွေက လုံးဝ ပင်လယ်ထဲကို ရောက်နေသလိုပဲ အောက်ကိုတောင် အရမ်း မမြင်ရဘူး။ ဝါးနေပြီး ဒါပေမယ့် ရှေ့ဆက်ပြီးတော့ ကြည့်လိုက်တော့လည်း တောင်တက်လမ်းတွေကြီးပါပဲ။ ဘယ်ထိအောင် တက်ရဦးမလဲ မသိပါဘူး။ တောင်တွေကို ပတ်ပြီးတော့ ဖောက်ထားတဲ့ လမ်းတွေကလည်း ခုထိကို မဆုံးနိုင်သေးပါဘူး။ တစ်တောင်ကျော်လာပြီးရင် နောက်တစ်တောင် နောက်တစ်တောင်နဲ့ ကျွန်မတို့အဖွဲ့သားတွေဟာ တည်းလွတ်ရွာကို ရောက်ဖို့အတွက် ခရီး တော်တော်ပေါက်လာပါပြီ။ အခုလို လမ်းကောင်းကောင်းမှာ ကားတစ်စီးနဲ့ ခရီးနှင်လာတာတောင် သွားချင်တဲ့နေရာကို ရောက်ဖို့အတွက် တော်တော်လိုပါသေးတယ်။ အရင်တစ်ချိန်ကဆိုရင်တော့ ဒီနေရာမှာ ကျွန်မတို့ ဘိုးဘေတွေဟာ ကိုယ့်လမ်းကိုယ်ထွင်လို့ တရက်စက် တိုက်ပွဲဝင်လာတာ တောလမ်းခရီး ဘယ်လောက်ကြမ်းလိုက်မလဲလို့ ခန့်မှန်းနိုင်ပါတယ်။ တောင်တက်လမ်းမှာတော့ ခရိးတစ်ထောင့် နားလိုက်ပါဦးမယ်။ ကားလည်းနား၊ လူလည်းနားပေါ့။

အခုနားနေတဲ့နေရာကတော့ ရှုခင်းသာပါတဲ့။ အခုလာတဲ့ ဖြတ်လာတဲ့လမ်းမှာတော့ အခြားဆိုင်တွေ တစ်ဆိုင်မှ မတွေ့ရပါဘူး။ ဒီဆိုင်လေးကတော့ ခရီးသွားတွေ တထောင့်နားဖို့အတွက် ဖွင့်ထားတဲ့ပုံပါပဲ။ အခု အိမ့်မျက် ကြည့်လိုက်တော့ ပျားရည်ပုလင်းလေးတွေလည်း တွေ့တယ်။ အထဲမှာ ရေနွေးဓာတ်ဗူးတွေနဲ့ ခွတ်လေးတွေလည်း တွေ့တယ်ဆိုတော့ အိမ့်မျက်တို့ ပူပူနွေးနွေးတစ်ခု သောက်လို့ရမယ်နဲ့တူတယ်။ အိမ့်မျက် သွားမေးကြည့်လိုက်ပါဦးမယ်။ ပြီးတော့ ပျားရည်ပုလင်းတွေကို ကြည့်ပြီး အိမ့်မျက် အရမ်းသဘောကျနေပါပြီ။

တောင်တက်လမ်းတွေက မတ်ဆောက်ပြီး အကွေ့အကောက်ကလည်းများတော့ မောင်းနေကျမဟုတ်ရင် အန္တရာယ်များပါတယ်။ အခု ကျွန်မတို့အဖွဲ့က ကားဆရာကတော့ ဒီလမ်းကို အကြိမ်ပေါင်းများစွာ မောင်းဖူးတဲ့သူပါ။ ဒီလို အတွေ့အကြုံရှိသူတောင် မျက်တောင်မခက်တမ်း အာရုံစူးစိုက်ပြီးတော့ သတိနဲ့ မောင်းနေရပါတယ်။ နှင်းတွေကလည်း အရမ်းကို ကျနေပါတယ်။ ဒီလို နှင်းတွေကျနေတဲ့အထဲမှာပဲ ကျွန်မတို့တွေ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၀၀၀ ကျော်ရှိတဲ့ ရွာငံမြို့ကို ရောက်လာပါပြီ။ သူရဲကောင်းတစ်ဦးကို သွားရောက်ဦးညွှတ်ဖို့လည်း ခြေတစ်လှမ်း နီးလာပါပြီ။ အခုဆိုရင် ကျွန်မတို့ ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့တဲ့ တဲလုရွာလေးကို အိမ့်မျက်တို့ ခရီးဆက်ကြဦးမှာပါ။ အဲဒီဘက်လမ်းက ဒီထက်ကို ပိုပြီးတော့ ကြမ်းတယ်လို့ သိရပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေနဲ့ အိမ့်မျက်တို့ ခရီးဆက်ရဦးမလဲတော့ မသိပါဘူး။

ရာသီဥတုအခြေအနေကတော့ လက်တကမ်းအကွာကိုပဲ လှမ်မြင်ရတဲ့ အခြေအနေဖြစ်နေပါပြီ။ ကျွန်မတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ တဲလုရွာလေးကိုတော့ ဒီလိုအခြေအနေနဲ့ သွားလို့မဖြစ်သေးပါဘူး။ မိုးကလည်း သဲသဲမဲမဲ ရွာထားတော့ အခုစီးလာတဲ့ကားနဲ့လည်း ခရီးဆက်လို့ မရတော့ပါဘူး။ ကျွန်မတို့ တောင်တက်ကားမျိုးတွေနဲ့ ခရီးဆက်ဖို့ ပြင်ရပါဦးမယ်။ ဒီတစ်ညတော့ ရွာငံမြို့လေးမှာပဲ ခရီးတထောင့် နားရပါဦးမယ်။

သူသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းတွင်မှာပါ ကျော်ကြားသော စစ်ခေါင်းဆောင် စစ်သူရဲကောင်း ဖြစ်နိုင်၏ သူသည် လွတ်လပ်ရေးကို အလိုရှိခဲ့သည်။ ရှိသည့်အတိုင်းလည်း လုပ်ခဲ့၏ စွန့်ခဲ့၏ သို့သော် သူက ရေတိမ်နစ်ခဲ့သည်။ ဗိုလ်ဗထူးကား ကျွန်ုပ်တို့နှင့် မရှိတော့ပေ။

ဒီစကားတွေကို ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာပါ။ ဒီလို ဝေးလံတဲ့ရွာလေးမှာ ဘာကြောင့် မထင်မရှား ကွယ်လွန်သွားခဲ့ရသလဲ။ တဲ့လုရွာဆိုတာ ဘယ်နားမှာရှိသလဲ။ သမိုင်းပုံရိပ်တစ်ခုကို ပြန်အသက်သွင်းဖို့ ကျွန်မတို့ ခရီးဆက်ရပါဦးမယ်။

ဆက်လက်ဖော်ပြပါမယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly