အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်၂၃ ဦးစာရင်းကို ဖီဖာ ထုတ်ပြန်

အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်၂၃ ဦးစာရင်းကို ဖီဖာ ထုတ်ပြန်
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၆ ခုနှစ် အကောင်းဆုံးဘောလုံးသမားဆုအတွက် ပဏာမ ၂၃ ဦးစာရင်းကို ဖီဖာက နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ပဏာမ ဆန်ခါတင် (၂၃) ဦးစာရင်းကို ဖီဖာဘောလုံးကော်မတီမှ ကျွမ်းကျင်သူများမှ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၆ အကောင်းဆုံး အမျိုးသားဘောလုံးဆုအတွက် ပရီးမီးယားလိဂ် ကစားသမား (၁၀) ဦး ရွေးချယ်ခံခဲ့ရသလို အလားတူ လာလီဂါမှ ကစားသမား (၁၀) ဦးအထိ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသား ကစားသမားဆုမှာ ဖီဖာမှ ချီးမြှင့်မယ့် အကောင်းဆုံး ဆု (၈) ဆုထဲက တစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှာ ဇူရစ်မြို့မှာ ဖီဖာက ကျင်းပမယ့် The Best FIFA Football Awards™ အခမ်းအနားမှာ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒီဆုအတွက် မဲပေးရွေးချယ်ရာမှာ လက်ရွေးစင်အသင်း ခေါင်းဆောင်နှင့် နည်းပြများရဲ့ ဆန္ဒမဲ (၅၀) ရာခိုင်နှုန်းကို ရယူမှာဖြစ်ပြီး ကျန် မဲ (၅၀) ရာခိုင်နှုန်းကိုတော့ ပရိသတ်များက အွန်လိုင်းမှ တစ်ဆင့် မဲပေးမှုနှင့် ကမ္ဘာတစ်လွှားရှိ မီဒီယာ (၂၀၀) ကျော်ထံမှ ဆန္ဒမဲကို ရယူ ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။

ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနာမည်နဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး Ballon d'Or ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဖီဖာက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်တာကြောင့် ဖီဖာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို The Best အမည်နဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ Ballon d'Or နာမည်ကို ဆက်လက်အသုံးပြုပြီး ဥရောပအကောင်းဆုံးဘောလုံးသမားဆုအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ယခုပဏာမ ၂၃ ဦးစာရင်းမှ ဇန်နဝါရီ ၉ ရက်မှာ ပေးအပ်မယ့် အကောင်းဆုံးဆုအတွက် ဆန်ခါတင် ကစားသမား (၃) ဦးကို ဒီဇင်ဘာလ ၂ ရက်မှာ ထပ်မံ ရွေးချယ်သွားမှာဖြစ်ပါတယ။်

၂၀၁၆ ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် ပဏာမ (၂၃)ဦးစာရင်း

အဂွဲရိုး၊ ဒီဘရိုင်း (မန်စီးတီး)၊ ပါယက် (ဝက်စ်ဟမ်း)၊ အီဘရာဟီမိုဗစ်၊ ပေါ့ဘာ (မန်ယူ)၊ အိုဇေးလ်၊ အလက်ဆစ်ဆန်းချက်ဇ် (အာဆင်နယ်)၊ မာရက်ဇ်၊ ဗာဒီ (လက်စတာ)၊ ကွန်တေ (ချယ်လ်ဆီး)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)၊ ဆွာရက်ဇ်၊ မက်ဆီ၊ အင်နီယေစတာ၊ နေမာ(ဘာစီလိုနာ)၊ မိုဒရစ်၊ တိုနီကရူးစ်၊ ဂါရတ်ဘေးလ်၊ ရာမို့စ်၊ စီရော်နယ်လ်ဒို (ရီးယဲလ်)၊ နူအာ၊ လီဝန်ဒေါစကီး (ဘိုင်ယန်)၊  ဘူဖွန် (ဂျူဗင်တပ်စ်)

Ref; Fifa, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly