မြေပဲစိုက်ပျိုး ဝင်ငွေတိုး

04 November 2016
မြေပဲစိုက်ပျိုး ဝင်ငွေတိုး

မြေပဲပင်ရဲ့ မူရင်းဒေသကတော့ ဘရာဇီးနိုင်ငံကပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြေပဲကို ပင်ထောင်နဲ့ ပင်ဖြတ်ဆိုပြီးတော့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ပင်ထောင်ကတော့ အပင်ရော အကိုင်းအတက်များပါ ထောင်ပြီးတော့ ပေါက်ရောက်တတ်ပါတယ်။ အသီးတွေက ပင်ခြေမှာ စုပြုံပြီး သီးတတ်ပြီးတော့ သေးငယ်ကြပါတယ်။ အခွံပါးပြီးတော့ အစေ့အဆံ ပြည့်ဝကြပါတယ်။ ပင်ဖြတ်မျိုးကတော့ ပင်ဆီသာ ထောင်မတ်ပြီး အကိုင်းအခက်များက တွားသွားကြပါတယ်။ အကိုင်းအခက်များတစ်လျှောက် မြေနဲ့ထိနေတဲ့ နေရာတိုင်းမှာ အသီးသီးကြပါတယ်။ သက်တမ်းကတော့ ၅ လကနေ ၆ လအထိ ရှိကြပါတယ်။

မြေပဲပင်ကတော့ အပူပိုင်း သမရာသီဥတုကို ကြိုက်နှစ်သက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆီထွက်သီးနှံအဖြစ် မိုးရာသီနဲ့ ဆောင်းရာသီတွေမှာ စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။ မြေပဲပင်ကို ကနေဒါနိုင်ငံကနေပြီးတော့ တောင်အမေရိကတိုက်၊ အာဂျင်တီးနားတို့အထိ စိုက်ပျိုးကြတာပဲ ဖြစ်ပါတယ်။ အာရှအလယ်ပိုင်း ဒေသတွေမှာလည်း ဖြစ်ထွန်းကြပါတယ်။ မြေပဲပင်ဟာ ငယ်စဉ်ကာလနဲ့ အပွင့်ပွင့်ချိန် ကာလတွေမှာ နေရောင်ခြည်ရရှိမှု နည်းသည်ဖြစ်စေ တိမ်ဖုံးမှုအချိန် များလျင်ဖြစ်စေ အသီးဖြစ်ထွန်းမှု နည်းတတ်ပါတယ်။ အထွက်နှုန်းလည်း လျော့နည်းတက်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ထက် နိမ့်တဲ့နေရာတွေမှာ ဖြစ်ထွန်းပြီးတော့ ၃၅၀၀ ထက် မြင့်တဲနေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းမှု ဖြစ်ပေမယ့် အစေ့များက သေးငယ်သွားတတ်ပြီး ဆီထွက်နှုန်း နည်းသွားတတ်ပါတယ်။ မြေပဲပင်ဟာ ရေမဝပ်တဲ့ သဲဆန်တဲ့ နှုန်းမြေများမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ မြေပဲပင်စိုက်နိုင်မယ့် တစ်နှစ်ပတ်လုံး မိုးရေချိန်ကတော့ ၃၅ လက်မကနေ ၄၅ လက်မအထိပဲ ဖြစ်ပါတယ်။

မြေပဲဖြစ်ထွန်းမှုကတော့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်နဲ့  ၃၀ ဒီဂရီ စင်တီဂရိတ်အတွင်းမှာပဲ ဖြစ်ထွန်းပါတယ်။ ၂၀ ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းမယ်ဆိုရင်တော့ အပင်ကြီးထွားမှု   နှေးကွေးပြီးတော့ ၃၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်သွားမယ်ဆိုရင်တော့ ပန်းပွင့်မှုတွေကို ထိခိုက်စေပါတယ်။ အပွင့်ဖြစ်ပေါ်မှု ကာလအတိုင်းအတာကို အဓိက ပြုပြင်ပေးတာကတော့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန်နည်းရင်တော့ ပန်းပွင့်မှု လျော့နည်းသွားပြီးတော့ မျိုးကူးဆက်မှုကိုပါ ထိခိုက် ပျက်စီးနိုင်ပါတယ်။ အညာဒေသမှာ စိုက်ပျိုးတဲ့အခါမှာတော့ မိုးကို အမှီပြုပြီးတော့ ရှင်သန်ကြီးထွားရတဲ့အတွက် စိုက်ပျိုးတဲ့အချိန်မှာ အစိုဓာတ်ရှိရန် လိုအပ်ပါတယ်။ မြေပဲပင်က ကာဗွန် သုံးဆပါတဲ့ အပင်မျိုး ဖြစ်တဲ့အတွက် နေရောင်ခြည် အစာချက်လုပ်မှု လေထုထဲမှာ အောက်ဆီဂျင် ထုတ်ယူမှု စတဲ့အလုပ်တွေကို ပြုလုပ်ရတဲ့အတွက် ရက်ပေါင်း ၆၀ လောက်အထိ နေရောင်ခြည်ရရှိမှု ရရှိဖို့တော့ လိုအပ်ပါတယ်။ မြေပဲပင်ဟာ မြေမှန် မျိုးမှန် စိုက်နည်းမှန် ရာသီမှန်မှ အထွက်နှုန်း ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ မြေပဲပင်ဖြစ်ထွန်းတဲ့ သဲဆန်တဲ့ မြေများကတော့ အဟာရဓာတ် ချို့တဲ့တဲ့အတွက် မြေပဲပင် စိုက်ပျိုးတဲ့အခါမှာ ဓာတ်မြေသြဇာများ ထည့်သွင်းပေးရန် လိုအပ်ပါတယ်။ ထုံးဓာတ် နိုက်ထရိုဂျင် ဟော့စပိတ်ဓာတ် စတာတွေကို ထည့်သွင်းပေးရမှာလည်း ဖြစ်ပါတယ်။ ကယ်ဆီယံ ဆာလဖိတ် ဓာတ်မြေသြဇာကိုတော့ ၁ ဧကမှာ ပေါင် ၃၀၀ ကနေ ၅၀၀ အထိ အပွင့်ပွင့်ချိန်မှာ အရွက်များပေါ်ကို ဖြူးပေးရမှာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါမှာလည်း မျိုးစေ့များကို မြေခြောက်လွယ်တဲ့ အရပ်ဒေသမှာဆိုရင်တော့ အနက် ၃ လက်မခန့် မြေခြောက်မလွယ်တဲ့ နေရာဒေသတွေမှာဆိုရင်တော့ ၂ လက်မကနေ ၃ လက်မအတွင်း မျိုးစေ့ချပြီး ကြမ်းတုန်းတိုက် မြေဖို့နိုင်ပါတယ်။ စိုက်ပြီး ၁၂ မှာတစ်ကြိမ် ရက် ၂၀ မှာတစ်ကြိမ် လေးသွားထွန်တုံးနဲ့ ၂ ကြိမ် လိုက်ပေးရပါတယ်။ စိုက်ပျိုးပြီး ၂၂ ရက် ကြာတဲ့အခါမှာတော့ ပန်းပွင့်များ စတင်လာပါတယ်။ လေးငါးရက်အတွင်းမှာ ပန်းများက လှိုင်လှိုင် ပွင့်လာမှာပဲ ဖြစ်ပါတယ်။

 မြေပဲပင်ရဲ့ အပွင့်များဟာ ညှိုးနွမ်းလာပြီး အရွက်များ ဝါပြီး ကြွေကျလာပါက မြေပဲပင်ကို နှုတ်ကြည့်ပြီး မြေပဲအခွံဟာ အညိုရောင် ဖြစ်နေတယ်ဆိုရင်တော့ မြေပဲကို နှုတ်သိမ်းဖို့ အချိန်ရောက်ပြီပဲ ဖြစ်ပါတယ်။ မြေပဲနှုတ်သိမ်းချိန် ကျော်ပါကလည်း မြေပဲအတောင့်များဟာ မြေထဲမှာ ပြတ်ကျန်နေတက်ပါတယ်။ စောစောနှုတ်မယ်ဆိုရင်လည်း မြေပဲမှာ ရေများ ပါဝင်တဲ့အတွက်ကြောင့် နေလှန်း၇တဲ့အတွက် ဆီထွက်နှုန်း နည်းတက်ပါတယ်။ ဒါကြောင့် မြေပဲပင်ကို သင့်လျော်တဲ့အချိန်မှာ နှုတ်သိမ်းပေးရန်အတွက်ကတော့ လိုအပ်ပါတယ်။ သဲနှုန်းဆန်တဲ့မြေမှာ စိုက်ပျိုးမယ့် ပင်ထောင် မြေပဲမျိုးကိုတော့ မိုးမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ရက်ပေါင်း ၉၀ နဲ့ ၁၀၀ ကြား မိုးနှောင်းကာလမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ရက်ပေါင်း ၁၂၀ အတွင်းမှာ နှုတ်သိမ်းပေးရမှာပါ။ မြေပဲကိုတော့ အတောင့်လိုက် ဒါမှမဟုတ်ရင် အစေ့ထုတ်ပြီးတော့ သိမ်းဆည်းနိုင်ပါတယ်။ သိုလှောင်ရမယ့် နေရာတွေကတော့ ခြောက်သွေ့တဲ့နေရာတွေမှာ သိုလှောင်ပေးရမှာလည်း ဖြစ်ပါတယ်။ မြေပဲပင်မှာကျရောက်တတ်တဲ့ ရောဂါပိုးအခြေအနေကို တောင်သူ ကိုသန်းဌေးက အခုလိုရှင်းပြပါတယ်။

ကိုသန်းဌေး (တောင်သူ)

ဖောင်းကတောရွာ၊ ရေနံချောင်းမြို့နယ်။

'ကျရောက်မယ့် ရောဂါတွေကတော့ သူတို့မှာ ပထမကတော့ အရွက်နာပိုးတို့ ဝင်မှာကို ကြောက်ရတယ်။ အဓိက ရောဂါက မြေပဲက နုတုန်းကတော့ ရောဂါမျိုးစုံ ဝင်တက်ပါတယ်။ ဆေးပတ်ပေးရပါတယ်။ ၁၅ ရက် တစ်ကြိမ်လောက် ပတ်ပေးရပါတယ်။ မြေပဲကို တချို့က အစိုတိုင်း သွားရောင်းကြတာပေါ့။ အချိန်နဲ့ပေါ့ ၁ ပိဿကို ပြောမယ်ဆိုရင် သူက ၇ ပိဿနှုန်းကို ၁ တင်းကောက်တယ်။ ရေနံချောင်းမှာ သွားရောင်းတယ်။ တချို့ကကျတော့လည်း အခြောက်လှန်းပြီးတော့ ဆီကြိတ်တဲ့သူဆီကို သွားရောင်းတယ်။'

မဇ္ဈိမ

မြေပဲပင်မှာ ကျရောက်တတ်တဲ့ ရောဂါ ဖြတ်ပိုးတွေကတော့ ရွတ်လိတ်ပိုး၊ ပိုးလမင်းကျိုင်း၊ မြေပဲဖြတ်ပိုး၊ ပြပိုးနဲ့ ခြပိုးတွေပဲ ဖြစ်ပါတယ်။ မြေပဲပင်တွေမှာ ကျရောက်တဲ့တဲ့ ရောဂါအနေနဲ့ကတော့ မြေပဲ ရွက်လိတ်ရောဂါ မြေပဲပုတ်ရောဂါ မြေပဲ ပင်နာကျရောဂါ မြေပဲ သန်ချေးရောဂါ မြေပဲ ပင်ခြေပုတ်ရောဂါ မြေပဲမြစ် ရောဂါတို့ပဲ ဖြစ်ပါတယ်။ မြေပဲပင်တွေဟာ ကြွင်းကျန်ရစ်တဲ့ ဓာတ်မြေသြဇာတွေကို တုန့်ပြန် စုတ်ယူနိုင်စွမ်း ရှိတဲ့အတွက် မြေပဲကို တစ်နေရာတည်းမှာ ဆက်တိုက်မစိုက်ပဲ နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် အလှည့်ကျ စိုက်ပျိုးပေးခြင်းဖြင့် ရောဂါပိုးမွှားတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

မြေပဲပင်ကိုတော့ စားသုံးဆီအဖြစ် မြန်မာနိုင်ငံမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံများ ဆီထွက်သီးနှံ့များဖြစ်တဲ့ မြေပဲ နှမ်း နေကြာ စတာတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။

ကိုခင်မောင်စိုး (မြေပဲပွဲရုံ)

ရေနံချောင်း စက်မှုဇုန်။

'ကျွန်တော်တို့က မြေပဲ အစို ၇ ပိဿကို ၅၈၀၀ ပေါ့။ သူတို့ အခြောက်လှန်းပြီးတော့ ကြိတ်တာကတော့ အခွန်ကိုခွဲ ဆီကြိတ်ပြီးတော့ ရောင်းတယ်။ တချို့ကလည်း လုံးဆံထုတ် လုံးဆံဈေး အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဝယ်တာပေါ့။ နယ်ဘက်က ပဲထွက်ကောင်းတယ်ဆိုရင်တော့ လုပြီးဝယ်ရတာတွေလည်း ရှိတာပေါ့။ တပေါင်း တန်ခူးမှာတော့ အရောင်းအဝယ်က နဲနဲသွတ်တယ်။

မြေပဲမှာတော့ မိုင်နိုအက်စစ်၊ လိုင်စင်း စတဲ့ အဟာရဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် အသားဓာတ်နဲ့ စွမ်းအား မျှပါတယ်။ မြေပဲစံ မြေပဲဆီ မြေပဲ ကြိတ်စက်တွေမှာတော့ အသားဓာတ် သတ္တုဓာတ် ဗီတာမင်ဓာတ် ဗီတာမင်ဓာတ်ပေါင်းစုဖြစ်တဲ့ ဗိုင်ရာမင်း စတာတွေ ပါပါတယ်။ ဒါကြောင့် ဈေးကြီးတဲ့ အသားတွေအစား မြေပဲကို အဟာရအဖြစ် စားသုံးနိုင်ပါတယ်။ '

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly