ပုန်ကုန်မှုစွဲချက်အား ဆိုင်းငံ့လိုက်၍ မွတ်စလင် သူပုန်ခေါင်းဆောင်က ဒူတာတေးနှင့် တွေ့ဆုံ

ပုန်ကုန်မှုစွဲချက်အား ဆိုင်းငံ့လိုက်၍ မွတ်စလင် သူပုန်ခေါင်းဆောင်က ဒူတာတေးနှင့် တွေ့ဆုံ

မနီလာ၊ နိုဝင်ဘာ ၄ ။         ။ ဖိလစ်ပိုင်နိုင်ငံက ဆယ်စုနှစ်များစွာ မွတ်စလင်ခွဲထွက်ရေး ပုန်ကုန်မှုများ၏ သြဇာရှိခေါင်းဆောင်တစ်ဦးက ၎င်းအား စွဲဆိုထားသည့် ပုန်ကုန်မှုစွပ်စွဲချက်များ ဆိုင်းငံ့ခံရပြီးနောက် ငြိမ်းချမ်းရေးလုပ်ဆောင်လာသည့် သမ္မတဒူတာတေး၏ လုပ်ရပ်ကို ထောက်ခံပြောဆိုကာ ၎င်းတို့နှစ်ဦးကြား အံ့အားသင့်ဖွယ် တွေ့ဆုံမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး တည်ထောင်သူ နာမီဆူအာရီက ဒူတာတေးနှင့် တွေ့ဆုံရန် တောင်ပိုင်း တောတွင်းစခန်းမှ မနီလာသို့ မိုင် ၅၅၀ ခရီးကို လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကို ခုလို စွပ်စွဲချက်တွေက ဆိုင်းငံ့ပေးတဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ လာရောက်ခြင်းပါ။”ဟု မီဆူအာရီက ပြောသည်။

“တကယ်လို့ ဒူတာတေးအနေနဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ပါဝင်မှုကို လိုအပ်တယ်ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူးဆိုတာ ပြောချင်ပါတယ်။”ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ်အတွင်းက ဇမ်ဘိုအန်ဂါမြို့တွင် အရပ်သားများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အသက် ၇၇ ရှိ မီဆူအာရီက တောတွင်းပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

အစိုးရရှေ့နေဘန်နီနိုအကွီနိုက မီဆူအာရီအား ပုန်ကုန်ထကြွမှုဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သော်လည်း မီဆူအာရီက ၎င်း၏ လက်နက်ကိုင်နောက်လိုက်များ အကာအကွယ်အောက်တွင် တောင်ပိုင်းကျွန်း ဂျိုလို၌ အမာခံတပ်စွဲထားနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly