အခြေအနေမှန်ကိုသိရှိရန် ကုလကိုယ်စားလှယ်အဖွဲ့ မောင်တောသို့ သွားရောက်

အခြေအနေမှန်ကိုသိရှိရန် ကုလကိုယ်စားလှယ်အဖွဲ့ မောင်တောသို့ သွားရောက်

ရန်ကုန်၊ နိုဝင်ဘာ ၂ ။             ။ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအခြေအနေမှန်များကို သိရှိနိုင်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောသို့ သွားရောက်ခဲ့သည်။

"ရခိုင်ပြည်နယ် မောင်တောမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တကယ့်လက်တွေ့မြေပြင်မှာ အခြေအနေမှန်ကို သိရှိဖို့ပါ" ဟု သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အား သွားရောက်လေ့လာနိုင်ကြောင်း ဖိတ် ကြားထားပြီး ဖြစ်သည်ဟု ဦးဇော်ဌေးက ပြောသည်။

 

ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် မောင်တောတွင် နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းအောင်က ပြောသည်။

"မောင်တောမြို့နယ်အတွင်းက ရွာတွေမှာပေါ့ဗျာ။ ဒီမှာကြုံခဲ့တဲ့ပြဿနာတွေ ကြုံခဲ့တဲ့နေရာတွေမှာ လိုက်ပြီး ကြည့်တာပေါ့" ဟု ဦးမင်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးသည့်နောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ကို လုပ်ဆောင်ရာတွင် လူအခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း   နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲပြော ဆိုမှုများရှိခဲ့သော်လည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တရားဥပဒေနှင့်အညီသာ လုပ်ကိုင်လျက်ရှိနေ ကြောင်း အစိုးရက တရားဝင်ပြောဆိုထားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂကိုယ်စားလှယ်များသည် မောင်တောသို့ ပထမဆုံး အဖြစ် သွားရောက်ခြင်းဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့မှ ထိပ်တန်းသံတမန်ကြီးများ ယခု သီတင်းပတ်အတွင်း လာရောက်လိမ့်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ သတင်း၏ဖော်ပြချက်တွင် ထိပ်တန်းသံတမန်များသည် ပြည်တွင်းရှိ ကုလသမဂ္ဂ ထိပ်တန်းကိုယ်စား လှယ်များက နိုဝင်ဘာ ၂ ရက်တွင် မောင်တောသို့ သွားရောက်ကြမည်ဟု ဖော်ပြထားခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly