ထိုင်းအနောက်ပိုင်းတွင် မိုးသည်းထန်၍ ရေကြီးမှုကြောင့် အိမ်ခြေ ၈၀၀ ကျော် ရေမြုပ်

ထိုင်းအနောက်ပိုင်းတွင် မိုးသည်းထန်၍ ရေကြီးမှုကြောင့် အိမ်ခြေ ၈၀၀ ကျော် ရေမြုပ်

ဘန်ကောက်၊ နိုဝင်ဘာ ၁ ။      ။ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချန်နာဘူရီနှင့် အနီးရှိ ရာချာဘူရီပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခြင်းကြောင့် အိမ်ခြေ ၈၀၀ ကျော် ရေနစ်မြုပ်နေပြီး လယ်ကွင်းအများအပြားလည်း ရေလွှမ်းကာ လမ်းများလည်း ပိတ်နေခဲ့သည်။

ကန်ချန်နာဘူရီရှိ ဟူအေးကရာချောင်ခရိုင်တွင် ကျေးရွာသုံးရွာ ရေကြီးနစ်မြုပ်သည်။ အိမ်ထောင်စုပေါင်း ၈၂ စု ရေလွှမ်းမိုးခံရသည်။

အိမ်များ ရေလွှမ်းမိုးသည်မှာ မှန်သော်လည်း ခြောက်သွေ့မိုးနည်းခြင်းကြောင့် ရေပြတ်လပ်နေသည့် လယ်ကွင်းများအတွက် ယခုကဲ့သို့ ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ရေရရှိရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြည်နယ်တို့ရှိ ဒေသခံအများစုမှာ စပါးစိုက်လယ်သမားများဖြစ်ကြ၍ မိုးရွာစဉ်မှစကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြခြင်းဖြစ်သည်။ သို့သော် ရင့်မှည့်နေပြီဖြစ်သည့် စပါးခင်းပိုင်ရှင်များအတွက်မူ
စိုက်ခင်းပျက်စီးမှုကို ကြုံတွေ့ရင်ဆိုင်ရကြောင်း ၎င်းက ပြောသည်။

ရာချာဘူရီပြည်နယ် ဒန်မတ်ခမ်တီယာခရိုင်တွင် အဓိကရေလှောင်ကန်မှ ရေများ ကျေးရွာ ၃၆ ရွာကို စီးဝင်ဖုံးလွှမ်းရာ အိမ်ထောင်စုပေါင်း ၇၂၀ ကျော် ရေကြီးမှုကြုံပြီး လယ်ကွင်းပေါင်း ၁၀၀၀ ရိုင်ကျော် (၁ ဧက= ၂ ဒဿမ ၅၃ ရိုင်) ပျက်စီးဆုံးရှုံးသည်။ ခရိုင်တွင်းရှိ လမ်းများလည်း ရေလွှမ်းလျက်ရှိသည်။

ခရိုင်အာဏာပိုင်များက စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များသို့ ရေဘေးအဆိုးဆုံးကြုံသည့် အရပ်များမှ ပြည်သူများအား ရွှေ့ပြောင်းပေးရေး အကူအညီတောင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly