မြစ်ဆုံ စီမံကိန်း သဘောတူရင် အဆိုးဆုံးဖြစ်မယ်၊ ပြည်သူ့ဆန့်ကျင်မှု ခံရမယ်လို့ ဒေါက်တာထွန်းလွင်ပြော

မြစ်ဆုံ စီမံကိန်း သဘောတူရင် အဆိုးဆုံးဖြစ်မယ်၊ ပြည်သူ့ဆန့်ကျင်မှု ခံရမယ်လို့ ဒေါက်တာထွန်းလွင်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁ ။                 ။ အဆိုးဆုံးကတော့ သဘောတူလိုက်ရင် အဆိုးဆုံးဖြစ်မှာပဲလေ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ခံရတော့မှာပဲ .. ..

ဒါကတော့ မြစ်ဆုံစီမံကိန်း လုံးဝရပ်တန့်ရေးအတွက် လက်မှတ်ကောက်ယူမှုတွေ စတင်လုပ်ဆောင်နေတဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းထားတာ   ဖြစ်ပါတယ်…။

မေး။     ။ ဆရာတို့ မြစ်ဆုံကို သွားတော့ ဒေသခံတွေရဲ့သဘောထားကို ဘယ်လိုတွေ့ခဲ့ရလဲ။

ဖြေ။     ။ ဒေသခံတွေက လုံးဝမထောက်ခံဘူးပေါ့ဗျာ။ ရွာမှာလည်း သူတို့သွားနေရတာ အဆင်မပြေဘူး။ သူတို့ ကိုယ် သူတို့ သုံးနှုန်းတဲ့ အသုံးအနှုန်းက လိုရင်းပြောရရင် စံပြမဟုတ်တဲ့ စံပြရွာမှာ ဒုက္ခရောက်နေတဲ့ စီမံကိန်း ဒုက္ခသည်များလို့ သူတို့ကို သူတို့ခေါ်တယ်ဗျ။ သူတို့အခြေအနေတွေက ကိုယ့်ရွာကိုပြန်နေချင်ကြတဲ့ လူတွေချည်းပဲ။

မေး။     ။ဆရာက မြစ်ဆုံကို မထောက်ခံကြောင်း အွန်လိုင်းကနေ လက်မှတ်ကောက်တယ်ဆိုတော့ အစိုးရရဲ့ သဘောထားက ဘယ်လို အခြေအနေရှိလို့လဲ။ 

ဖြေ။     ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတက လူထုရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပါဆိုပြီး ကော်မတီကို ပေးတော့ မြစ်ဆုံကော်မရှင်က လူထုသဘောထားနဲ့ ပတ်သက်ပြီး စာရင်းစစ်တမ်း   ကောက်တာ ဘာမှ မတွေ့ရတော့ ဒီကိစ္စမှာ အစိုး ရအနေနဲ့ လူထုသဘောထားအမှန်ကို သိရဖို့ သမ္မတအနေနဲ့ ခဲယဉ်းနိုင်တယ်လေ။ မှားလည်း မှားယွင်းသွားနိုင်တယ်၊ အဲဒီတော့ တကယ့်အချက်အလက် အမှန် သိရအောင် တစ်နည်းပြောရရင် Check & Balance လုပ်လို့ရအောင် ကျွန်တော် က ကြားခံအဖွဲ့အစည်းတစ်ခုအနေနဲ့ နောက် ကျွန်တော်တို့ရဲ့ Myanmar Green Network က မြစ်ဆုံမှာ Workshop လုပ်တဲ့အထဲမှာ အစိုးရရယ် ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ကော်မရှင်ရယ်ကို ဒီတွေ့ရှိချက်အပေါ်က သဘောထားမှတ်ချက် ကို ပို့ဖို့ရှိတယ်။ သူတို့အထဲမှာလည်း ပြည်သူလူထုရဲ့ response ဆိုတဲ့ ကဏ္ဍက ကျွန်တော်ကောက်ပြီး ရရှိတဲ့ မှတ်တမ်း ကို ထည့်သွင်းပြောကြားခြင်း သမ္မတအနေနဲ့ သတင်းမှန်ရအောင်ဆိုတဲ့ တစ်နည်းပြောရရင် ဝန်းရံတဲ့သဘောပါပဲ။

မေး။     ။ ဦးသိန်းစိန်အစိုးရတုန်းက ပြောထားတာ ရှင်းတယ်ပေါ့။ သူ့လက်ထက်မှာ ဒီမြစ်ဆုံကိစ္စကို ရပ်ထားမယ်။ အခု အစိုးရကျတော့   မြစ်ဆုံကိစ္စ ပြန်လည်သုံးသပ်ဖို့   ကော်မရှင်ဖွဲ့ထားတော့ အစိုးရရဲ့ သဘောထားဟာ ဘယ်လိုဖြစ်လာ နိုင်မလဲ။

ဖြေ။     ။ ဒါတော့ ကျွန်တော်လည်းစောင့်ကြည့်ရမှာပဲ။ ဘယ်လိုဖြစ်လာမလဲ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါက ပြောရခက်တဲ့ကိစ္စပဲ။ ဒါပေမယ့် အားလုံးကတော့ အကောင်းမြင်ဝါဒကို   မြင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒါ NLD ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးမူဝါဒမှာလည်း ဆည်တွေလုပ်ဖို့ ကိစ္စကို သူတို့ မလုပ်ဘူးလို့ ကတိပေးထားတယ်လေ။   နောက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး စဉ်ကလည်း မြစ်ဆုံဆည်ကို ရပ်မယ်လို့ အားလုံးပြောထားတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့သဘောထားမှတ်ချက်ကို အစောကြီးကတည်းက ဒီဆည်ကို ဆက်မလုပ်ဘူးဆိုတဲ့ သဘော ထားကို ပြောထားပြီးသားဆိုတော့ ကျွန်တော်တို့ ဘက်ကတော့ အကောင်းမြင်ပေါ့။ နောက်ပြည်သူလူထု တစ်ရပ်လုံး ကလည်း မထောက်ခံဘူးလို့ သိလည်းသိမှာပါ။ မသိစရာလည်း မရှိပါဘူး ၊နောက်   မြစ်ကြီးနားမှာ ကော်မရှင်သွားတော့လည်း ရှိသမျှ CSO အားလုံးက No Dam ပဲလေ။ ဘယ်သူမှ မထောက်ခံဘူး၊ ဒါကိုကြည့်ချင်းအားဖြင့် လူထုရဲ့ သဘောထားဆန္ဒနဲ့ တက်လာတဲ့ အစိုးရဆိုတော့ လူထုရဲ့ဆန္ဒကို ဦးစားပေးမယ်လို့ ပြည်သူလူထုတိုင်းက မျှော်လင့်ကြတာပေါ့။ ကျွန်တော်လည်း ဒီလိုပဲ မျှော်လင့်တာပေါ့။

မေး။     ။ ဒီမြစ်ဆုံကို ဆက်လုပ်ခဲ့ရင် ပြည်သူလူထုရဲ့ မထောက်ခံမှုနဲ့ ကြုံရမယ်။မလုပ်ရင်လည်းတရုတ်ဘက်ကို လျော် ကြေး ပေးရမယ်ဆိုတာရှိတော့ ဒီကိစ္စကို ပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းသင့်လဲ။

ဖြေ။     ။ ဒါ ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ဥပဒေပညာရှင်တွေ ပါတယ်ဗျ။ သူတို့ရဲ့အမြင်ကတော့ ဒီစာချုပ်က အခုချိန်ထိ ပွင့်လင်းမြင်သာမှုမရှိဘူး။ ပြည်သူပြည်သားတွေက အခုအချိန်ထိ ဘာမှန်းကို မသိရတော့ ပြောဖို့က တော်တော်ခက်တယ်။ သို့သော်ငြားလည်း ဥပဒေပညာရှင်ရဲ့အမြင်ကတော့ ဒီစာချုပ်မှာ သေချာပေါက် ဥပဒေနဲ့ မညီညွတ်တဲ့ အချက်တွေပါမယ်လို့ သူက ယုံကြည်တယ်။ အဲ့လို မညီညွတ်တဲ့ အချက်တွေ ပါနေသမျှတော့ လျော်ကြေးဆိုတာ စဉ်းစားစရာ မလိုဘူးပေါ့ဗျာ။

မေး။     ။ အစိုးရက မြစ်ဆုံကို လုပ်မယ်ဆိုရင် အဆိုးဆုံးက ဘာဖြစ်လာမလဲ။ အကောင်းဆုံးက ဘာဖြစ်လာမလဲ။

ဖြေ။ ။ အဆိုးဆုံးကတော့ သဘောတူလိုက်ရင် အဆိုးဆုံးဖြစ်မှာပဲလေ။ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကို ခံရတော့မှာပဲ။ အကောင်းဆုံးကတော့ ပြည်သူ့ဆန္ဒလိုက်နာတာ အကောင်းဆုံးပဲပေါ့။ ပိုက်ဆံဆိုတာ ဖြေရှင်းလို့ရတာပဲ၊ ဥပဒေ ရှိတာပဲလေ။ လူထုရဲ့ယုံကြည်မှုနဲ့ အားကိုးမှုဆိုတာ နှစ်ပေါင်းများစွာ လုပ်ယူရတာလေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly