သုံးရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်

သုံးရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁ ။                ။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် နောက်သုံးရက်အတွင်း မုန်တိုင်း တစ်လုံးဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးပြောကြားလိုက်သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ပိုင်းမှ  အရှေ့လေပွေလှိုင်းတစ်ခု အနောက် မြောက်က ရွေ့လာကာ  ပိုမိုအားကောင်းလာပြီး နိုဝင်ဘာ ၃ ရက်နေ့ နောက်  ၇၂ နာရီ မုန်တိုင်းငယ်အဆင့်သို့   ရောက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းကို ရွေ့လျားသွားပြီး လဆန်း ၅ ရက် ၆ ရက်တွင် အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

“ မြန်မာနိုင်ငံကို ဝင်ဖို့တော့ မရှိပါဘူး။ ဒါပေမယ့်လည်း စောင့်တော့ကြည့်ပေါ့နော် ။ လမ်းကြောင်းဆိုတာတော့ ပြောင်းလဲနိုင်တာပေါ့။ လောလောဆယ်တော့ မဝင်ပါဘူး "  ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း မုန်တိုင်း ၃ လုံးမှ ၅ လုံးထိ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာထွန်းလွင်က ပြောဆိုထားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly