တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားနှင့် ရေတပ်ပူးတွဲကင်းလှည့်မှု လုပ်ဆောင်ရန် သြစတြေးလျစဉ်းစားနေ

တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီးရှားနှင့် ရေတပ်ပူးတွဲကင်းလှည့်မှု လုပ်ဆောင်ရန် သြစတြေးလျစဉ်းစားနေ

ဆစ်ဒနီ၊ နိုဝင်ဘာ ၁ ။                   ။ တောင်တရုတ်ပင်လယ်အတွင်း အင်ဒိုနီရှားနှင့်  ရေတပ်ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်ရန် စဉ်းစားနေ ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီးရှော့က  နိုဝင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဘာလီကျွန်း၌ ပြုလုပ်ခဲ့သည့်  နှစ်နိုင်ငံအစည်းအဝေးတွင် ပူးတွဲကင်းလှည့် ရေးအတွက် အင်ဒိုနီးရှားအစိုးရ၏ အကြံပြုချက်သည် ရေကြောင်းလွတ်လပ်စွာ သွားလာ ခွင့်ဆိုင်ရာ  သြစတြေးလျနိုင်ငံ၏ မူဝါဒနှင့် ကိုက်ညီမှုရှိကြောင်း  ဘီးရှော့က ပြောကြားသည်။

“ ဒီအစီအစဉ်ဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီသလို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပံ့ပိုးကူညီမယ့် ကျွန်တော်တို့ နိုင်ငံရဲ့ မူဝါဒနဲ့လည်း သက်ဆိုင်မှုရှိပါတယ်” ဟု ၎င်းက သြစတြေးလျအသံလွှင့်ဌာ နသို့ ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားကျွန်းများပေါ်သို့ ထောက်လှမ်းရေးလေယာဉ်များ ပျံသန်းမှုနှင့် ယင်းဒေသတွင် အမေရိကန်၏ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အား ထောက်ခံခဲ့သည့် သြစတြေးလျအစိုးရအား တရုတ်က ပြစ်တင်ဝေဖန်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၅ ထရီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများအား နှစ်စဉ်ဖြတ်သန်းသယ်ဆောင်လေ့ရှိသည့် တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှုတွင် သြစတြေးလျအနေဖြင့် သတိထားပြောဆို လုပ်ကိုင်ရန် တရုတ်က  ပြီးခဲ့သည့် လအတွင်း သတိပေးခဲ့သည်။

သြစတြေးလျနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ ရေတပ်များသည် တီမောပင်လယ်ပြင်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် တရားမဝင်ငါးဖမ်းမှုတို့ကို နှိမ်နှင်းရန် မကြာသေးမီက ပူးတွဲရေကြောင်း ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့သည်။

ဒေသတွင်း ဆောင်ရွက်မည့် အစီအစဉ်အစဉ်များနှင့် ပတ်သက်၍ သြစတြေးလျနှင့် အင်ဒိုနီးရှားအစိုးရတို့က အခြားနိုင်ငံများကို ကြိုတင်အသိပေးပြီးမှ လုပ်ဆောင်မည်ဟု ဘီးရှော့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly