တောင်ကိုရီးယားသမ္မတနှင့် ရင်းနှီးမှုအပေါ် အခွင့်အရေးယူခဲ့သူ အမျိုးသမီးအား ဖမ်းဆီး

တောင်ကိုရီးယားသမ္မတနှင့် ရင်းနှီးမှုအပေါ် အခွင့်အရေးယူခဲ့သူ အမျိုးသမီးအား ဖမ်းဆီး

ဆိုးလ်၊ နိုဝင်ဘာ ၁ ။                ။ တောင်ကိုရီးယားသမ္မတပက်ဂွမ်ဟေးနှင့်  ရင်းနှီးမှုအပေါ် အခွင့်ကောင်းယူကာ နိုင်ငံတော်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရယူခဲ့သည့် အမျိုးသမီးတစ်ဦးအား   နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပက်ဂွမ်ဟေး၏ မိတ်ဆွေ ချိုဆောင်ဆေးဆိုသူအမျိုးသမီးသည် အဆိုပါ စာရွက်စာတမ်းများကို ရယူပြီး  အစိုးရနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် လူမှုရေးအဖွဲ့အစည်းတစ်ခုကို အသုံးချကာ မိမိကိုယ်ကျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို အစိုးရရှေ့နေများက စစ်ဆေးမေးမြန်းသွားမည်ဖြစ်သည်။

ပက်ဂွမ်ဟေး၏ သမ္မတငါးနှစ်သက်တမ်းသည်လည်း လေးနှစ်သို့ ရောက်ရှိလာချိန်တွင် ၎င်း၏ ရာထူးအတွက် လည်း ထိခိုက်မှုများ ရှိလာခဲ့သည်။

ချိုဆောင်ဆေးအနေဖြင့် သက်သေအထောက်အထားများကို ဖျက်ဆီးပစ်နိုင်သောကြောင့် ၎င်းအား အစိုးရရှေ့နေများက ဝရမ်းမထုတ်သေးဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက   ဖော်ပြခဲ့ပြီး စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ချိုအား ဆိုးလ်မြို့ရှိ အချုပ်ခန်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့ပုံကို လည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

တောင်ကိုရီးယားဥပဒေအရ သံသယရှိသူတစ်ဦးကို ဝရမ်းမပါဘဲ ၄၈ နာရီအထိ ဖမ်းထားနိုင်ပြီး ဆက်လက်ဖမ်းဆီးရန် တရားရုံးအမိန့်တစ်ရပ်လိုအပ်မည်ဖြစ်သည်။

ချိုက မိမိလုပ်ဆောင်ခဲ့မှုများအပေါ် ခွင့်လွှတ်ပေးပါရန် အစိုးရရှေ့နေများအား စက်တင်ဘာ ၃၁ ရက်က တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောင်ကိုရီးယားနိုင်ငံ၏ ဆာဂျီအီဘိုးသတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံမေး မြန်းခန်းတစ်ခုတွင် ချိုက ပက်ဂွမ်ဟေး ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း မိန့်ခွန်းမူကြမ်းများကို ဖတ်ခွင့်ရခဲ့သော်လည်း အခြားအတွင်းရေးများကို မသိရှိခဲ့ကြောင်းနှင့် အစိုးရနှင့်သက်ဆိုင်သည့် အရေးကိစ္စများ တွင် ပါဝင်စွက်ဖက်ခြင်း ၊ ကိုယ်ကျိုးစီးပွားအတွက်   ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတပက်ဂွမ်ဟေးကလည်း သူ့အနေဖြင့် သမ္မတသက်တမ်းအစောပိုင်းကာလများတွင် ချိုအား မိန့်ခွန်းမူကြမ်းများကို ပေးဖတ်ခဲ့ကြောင်းနှင့် ယင်းသို့လုပ်ဆောင်မှုကြောင့်  ပြည်သူများအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ရခြင်းကို တောင်းပန်ပါကြောင်း ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတပက်ဂွမ်ဟေး ရာထူးမှ နုတ်ထွက်ပေးရန် တောင်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာက  အောက်တိုဘာ ၂၉ ရက်က ဆိုးလ်မြို့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly