ချင်းတွင်းမြစ်အတွင်း ရေယာဉ်ပြေးဆွဲမှုနှင့် ပတ်သက်၍ လွှတ်တော်၏ တိုက်တွန်းချက်များ ဆောင်ရွက်ပြီးဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးပြော

ချင်းတွင်းမြစ်အတွင်း ရေယာဉ်ပြေးဆွဲမှုနှင့် ပတ်သက်၍ လွှတ်တော်၏ တိုက်တွန်းချက်များ ဆောင်ရွက်ပြီးဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးပြော
စည်ပင်ဝန်ကြီးဦးမြင့်ကြည်၊ နယ်လုံဝန်ကြီးဗိုလ်မှူးကြီးကျော်သန့်နိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွှန့်ဝင်း၊ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်။(ဝဲ-ယာ)

မုံရွာ၊ အောက်တိုဘာ ၃၁။                ။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်များစနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် လွှတ်တော်ရေးရာကော်မတီ (၃)ရပ်၏ တိုက်တွန်း အကြံပြုချက်များအား   ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မဇ္ဈိမသို့ ပြောသည်။

"လွှတ်တော်က ရေးရာကော်မတီ(၃)ရပ်က တိုက်တွန်းထားတာတွေမှာ အခုဖြစ်စဉ်နဲ့ပက်သက်ပြီး နောက်နောင် ဒီလို ထပ်မဖြစ်အောင် အားနည်းချက်၊ လိုအပ်ချက်တွေကို ထောက်ပြပေးထားတာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်ပြီးဖြစ်ပါတယ်" ဟု ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာကော်မတီနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီ တို့သည် အောက်တိုဘာ ၂၆ ရက်က ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေကို ပြန်လည်ဆန်းစစ်သည့် အ စည်းအဝေး ပြီးနောက် ယင်းအကြံပြုချက်ကို တိုင်းအစိုးရသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်က လွှတ်တော်မှ အကြံပြုချက်ပေးပို့ခဲ့ပြီးနောက် တိုင်းအစိုးရမှ ရေယာဉ်များ စနစ်တကျပြေး ဆွဲရေးအတွက် အချက်(၂၃)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

" ဥပဒေကို လွှတ်တော်ကလည်း ပြင်သင့်တာပြင်မယ်၊ ဖျက်သင့်တာဖျက်မယ်၊ လိုအပ်ရင်အသစ်ရေးဆွဲမယ်ဆိုပြီး လုပ်ဆောင်နေကြတယ်။ ဒီလို တဖက်ကလည်း ဆောင်ရွက်နေစဉ်ကာလမှာ ဒီအချက်တွေကို လုပ်ဆောင်ဖို့ဆိုပြီး တိုက်တွန်းထားတာပါ။ တိုင်းအစိုးရကလည်း လုပ်ဆောင်နေပါတယ်"ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်း ညွှန့်ဝင်းက ပြောသည်။

ထို့ပြင် တိုင်းအစိုးရမှ ထုတ်ပြန်ခဲ့သော (၂၃)ချက်ပါ ညွှန်ကြားချက်များတွင် လွှတ်တော်မှ ပေးပို့သော အကြံပြုချက် တစ်ချို့မပါဝင်သေးသော်လည်း (၂၃)ချက်သည် ပြည့်စုံလုံလောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly