အစိုးရရဲ့ E-Governmentစနစ် ..သီးသန့် ဘတ်ဂျက်ရှိဖို့ လုပ်ငန်းရှင်တွေ တောင်းဆို

30 October 2016
အစိုးရရဲ့ E-Governmentစနစ် ..သီးသန့် ဘတ်ဂျက်ရှိဖို့ လုပ်ငန်းရှင်တွေ တောင်းဆို
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ တနိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ပြင်ဆင်နေကြသည်ကို ၂၀၁၄ ခုနှစ် မတ်လ ၁၄ရက်က နေပြည်တော် လူဝင်မှုကြီးကြပ်ရေးရုံးတွင်တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

အခုလက်ရှိအစိုးရကသူ့လက်ထက်မှာ E-Government, ဒီဂျစ်တယ်အစိုးရဝန်ဆောင်မှုစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ စိုင်ပြင်နေပါတယ်။ တစ်ဆက်တည်းမှာပဲအဲဒိ စနစ်ကိုအစိုးရက ထည်ထည်ဝင်ဝင် အကောင်အထည်ဖော်နိုင်ရင် ပြည်တွင်းက ICT လုပ်ငန်းတွေအနေနဲ့ စီးပွားရေးအရအကျိုးအမြတ်ကောင်းတွေ ရရှိနိုင် မယ်လို့လည်း ICT နယ်ပယ်ထဲကလုပ်ငန်းရှင်တွေကပြောပါတယ်။ ဒါပေမယ့် ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ်ကို အမှန် တကယ်လုပ်ကိုင်ဖို့ အစိုးရဆီမှာပင်မစီအစီအစဉ်နဲ့ ဘတ်ဂျက်ငွေကြေးရှိပါ့မလားဆိုတာကမေးစရာဖြစ်နေပါတယ်။ အခုတစ်ပတ်ရဲ့ 7mins အစီအစဉ်မှာတော့ ဒါနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ကိုအောင်သူရက စုစည်းတင်ပြ ထားပါတယ်။

အစိုးရသစ်လက်ထက်က ပြန်ပြီးတော့ ထူထောင်ချင်နေတဲ့ E-government , ဒီဂျစ်တယ် အစိုးရဝန်ဆောင်မှုစနစ်ကို ဒီနှစ်မှာစတင်နေပြီဆိုတာဒီလိုအစိုးရအဆင့်ပြုလုပ်တဲ့ နည်းပညာပြပွဲအခမ်းအနားကို   မြင်ရတာနဲ့တင် သိသာထင်ရှားစေပါတယ်။ နည်းပညာနယ်ပယ်ကလုပ်ငန်းရှင်တွေကလည်းအစိုးရအနေနဲ့ E-government ကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လည်း တိုက်တွန်းနေတာဟာဆိုရင် အဲဒိကနေရနိုင်မယ့် စီးပွားရေးအခွင့်အလမ်းတွေကိုခန့််မှန်းတွက်ချက်မိတာကြောင့်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ် ရဲ့ ဥက္ကဌ ဦးခွန်ဦးက "ကျွန်တော်တို့မှာတကယ့် အခွင့်အလမ်းတွေကအရမ်းများပါတယ်။ E-governmentလုပ်မယ်ဆိုရင် သေချာတယ်၊ ICT ဖွံ့ဖြိုးတိုးတက်မှု ရှိကိုရှိရမယ်၊ လုပ်ငန်းတွေအကုန်လုံးကို အစိုးရကသူကိုယ်တိုင်မလုပ်နိုင်ဘူး။ အဲတာကြောင့် ပုဂ္ဂလိကကိုလုပ်ငန်းတွေ အပ်နှံရမယ်။ဒီဟာတွေဟာပုဂ္ဂလိကကုမ္ပဏီတွေအတွက် တကယ့်ကို ကြီးမားတဲ့ အခွင့်အလမ်းတွေပဲ။" လို့ ပြောပါတယ်။

ဒါကြောင့်မို့လို့ ပြည်တွင်း ICT ကုမ္ပဏီတွေနဲ့ ကွန်ပြူတာလုပ်ငန်းရှင်တွေကအစိုးရအနေနဲ့  သူတို့ကိုယုံကြည်ပေးပါဆိုပြီး တောင်းဆိုနေတာတွေရှိလာပါတယ်။

တစ်ခါဒီလိုမျိုးဈေးကွက်ကြီးမှာ ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေ ယှဉ်ပြိုင်လာနိုင်စရာတွေ ဖြစ်လာမှာကြောင့် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ပြည်ပကုမ္ပဏီတွေ ပေါင်းပြီးအစွံထုတ်သွားမလား၊ ဘယ်လိုစိန်ခေါ်စရာတွေ ဖြစ်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Alpha Info-Tech Co.,Ltd ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမြတ်သူကလည်း "၂ ပိုင်းရှိတယ်.. ။ ပြည်တွင်းကုမ္ပဏီတွေကိုသူတို့ လုပ်လို့ပေးလိုက်ရင် ကျွန်တော် စိတ်ပူတာကမလုပ်တတ်ဘူးဆိုလို့ရှိရင် စက်မှုဇုန် ကားလိုဖြစ်မှာဆိုးတယ်၊ တစ်ဘက်မှာလည်း အကုန်လုံးဖွင့်ပေးလိုက်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက နည်းပညာရဖို့.. နောက်တစ်ခါ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ အရေးပါမှုကိစ္စတွေမှာ ပြည်တွင်းကလုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ကိစ္စတွေမှာ ပြည်တွင်းကလုပ်နိုင်ဖို့ လိုတယ်၊ အဲ ၂ ခုရဲ့ ကြားထဲမှာဘယ်သူက ဘယ်လောက်အတိုင်းအတာအထိ စွမ်းသလဲဆိုတာ" လို့ သူ့အမြင်ကို ပြောပါတယ်။

သူအနေနဲ့ကလည်း ကြီးထွားလာနိုင်မယ့် ဈေးကွက်အပေါ်မှာမျှော်လင့်ချက်ကအတော့်ကို ကြီးမားနေတာကိုတွေ့မြင်ရပါတယ်။ ဒါပေမယ့် အသင့်အနေအထားမဖြစ်ရင် တစ်လှိမ့်ကောက်ကွေး ဖြစ်သွားမှာဆိုးတယ်လို့လည်းပြောပါတယ်။

"နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာလုပ်တတ်တဲ့ သူတွေရှိလားဆိုတော့..မလုပ်တတ်တဲ့လူတွေများတယ်လို့ ပြောလို့ရပေမယ့် နိုင်ငံတကာမှာ ကျွန်တော်တို့ ဒီလောကထဲမှာ ကျင်လည် ကျက်စားနေတဲ့ မြန်မာတွေ အများကြီးရောက်နေတာရှိတယ်၊ US တို့၊ စင်ကာပူတို့.. တစ်ခြားနိုင်ငံတွေမှာ သူတို့ပြန်လာနိုင်တယ်ဆိုရင်လည်း

Atos Co.,Ltd ရဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံဆိုင်ရာ Head of Country မက်(ဂ)နက်(စ) အယ်ဗာဆန် ပြောတာကတော့ "အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍမှာ အလုပ်လုပ်ဖို့ ကြိုးစားတာ ဒါ ပထမဆုံးခြေလှမ်းပါ။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘဏ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းတွေကိုအာရုံစိုက်လုပ်ကိုင်နေသလိုဆက်သွယ်ရေးလုပ်ငန်းကဏ္ဍကိုလည်း ကြည့်ရှုနေတာလည်းရှိနေပါတယ်။ ဒါကြောင့် ပထမအကြိမ်အနေနဲ့  ဒီကဏ္ဍတွေကနေအခွင့်အလမ်းတွေကိုရရှိမယ်လို့ ကျွန်တော်ထင်သလိုအများပြည်သူကဏ္ဍအတွက် ကြည့်ရှုဖို့လည်းတကယ့်ကို ကြိုးစားနေပါတယ်။"

E-government စနစ်ကိုလုပ်ဆောင်မယ်ဆိုတာကအခုမှ မဟုတ်ပါဘူး၊လွန်ခဲ့တဲ့ အချိန် ၁၅ နှစ်ကျော်လောက်ကတည်းက ဒါကိုအသက်သွင်းဖို့ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ဒီလုပ်ငန်းလုပ်ဆောင်ဖို့ နှေးကွေးနေရတာလဲဆိုရင် ဒါကိုတိတိကျကျ အကောင်အထည်ဖော်ဖို့ မူဝါဒမရှိတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုက ဝန်ထမ်းတွေကိုယ်တိုင်ကလည်း ဒီစနစ်ကိုတည်ထောင်ဖို့ တတ်သိနားလည်ခြင်းမရှိတာကြောင့်လည်း ပါဝင်ပါတယ်။

ဒါကိုတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ E-Government ဌာနခွဲရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်နွယ်နီစိုးရင်ကတော့ " E-government ကို အားပေးလုပ်ကိုင်တာက အရင်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ပါတယ်၊ ဒါ ၂၀၀၀ ခုနှစ်ကနေပြီးတော့ .. ၂၀၀၅ ခုနှစ်မှာ ကျွန်မတို့က Myanmar Visit E-government ဆိုပြီးလုပ်တယ်၊ အဲဒီကတည်းကတော့ အဲဒီ Common Sense တွေ ရှိပါတယ်။ ပြောရမယ်ဆိုရင် ၂၀၀၅ ခုနှစ်ကတည်းက Myanmar ICT MasterPlanဆိုပြီးတော့ ဆွဲခဲ့တာရှိတယ်၊ အဲဒီ့ Master Plan မှာ E-Government က Sector တစ်ခုအနေနဲ့ပါခဲ့တယ်။ အဲဒီ့မှာPolicyတွေ၊ Guide Line တွေ ၊ Vision တွေ၊ Road Map တွေကအကုန်လုံးရှိတယ်၊ ဒါပေမယ့် အခက်အခဲတွေပေါ့..ရေရှည်မတည်မြဲတာ.. တိကျတဲ့ မူဝါဒနဲ့ လမ်းညွှန်မှုတွေမရှိတာတွေနဲ့ သူကအရှိန်က ရပ်ရပ်သွားတယ်။ အစက ပြန်ပြန်ပြေးရသလို ဖြစ်နေတယ်။" လို့ ဆိုပါတယ်။

ပြည်တွင်းကုမ္ပဏီတွေကို ယုံကြည်စိတ်ချရဖို့ကလည်း ကျွမ်းကျင်မှုအပေါ်မှာ စကားပြောသွားရမှာဖြစ်သလို ပြည်ပကုမ္ပဏီကိုအားကိုရင်လည်း ကုန်ကျစားရိတ်ကြီးမားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ရဲ့ လျှို့ဝှက်အပ်တဲ့ သတင်းအချက်အလက်လုံခြုံမှု ပေါက်ကြားသွားမှာလည်း စိုးရိမ်စရာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ အစိုးရဆီကနေဒီစနစ်ကိုအကောင် အထည်ဖော်နိုင်မယ့် ပင်မစီမံကိန်း Master Plan တစ်ခုလိုအပ်နေသလို ဘတ်ဂျတ်အသုံးစားရိတ်တွေကို ဖြည့်ဆည်းထောက်ပံ့ဖို့ဆိုတာလည်းအရေးကြီးပါတယ်။

မြန်မာနိုင်ငံကွန်ပြူတာပညာဖွံ့ဖြိုးကောင်စီမှာဥက္ကဌ တာဝန်ယူထားတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကတော့ E-Government ပါဝင်တဲ့ Master Plan တစ်ခုကို နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကဖတ်ရှုပြီးသွားပြီလို့  ပြောဆိုထားပြီး ဘတ်ဂျက်ငွေကြေးအသုံးစားရိတ်နဲ့ ပတ်သတ်ပြီး မေးမြန်းမှုကိုတော့…

"ဒီဟာကတောင်းရမှာပေါ့၊ Transport ဆိုရင်လည်း GDP ရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၁.၅ ရာခိုင်နှုန်းလောက်ပဲသုံးခဲ့တာ။ Transport sector လည်းသုံးရမှာအခုဟာက ကျွန်တော်တို့ နိုင်ငံမှာသုံးစရာတွေကများနေတယ်။" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်နဲ့ နည်းပညာနယ်ပယ်အတွင်းကလုပ်ငန်းရှင်တွေကတော့ အစိုးရအနေနဲ့ ICT ကဏ္ဍအတွက် သတ်သတ်မှတ်မှတ်ပြဌာန်းထားတဲ့ ဘတ်ဂျက်အသုံးစားရိတ်ရှိဖို့ တောင်းဆိုလာကြတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ် ရဲ့ ဥက္ကဌ ဦးခွန်ဦးက "International မှာဆိုရင် အစိုးရက နိုင်ငံ့ဘတ်ဂျက်ရဲ့ (တစ်ချို့နိုင်ငံတွေဆိုရင်) ၂ ရာခိုင်နှုန်းပေးတယ်၊၃ %ပေးတယ်..အဲဒါတွေ အားလုံးက ICT ဘတ်ဂျတ်ဆိုပြီးပေးတာ၊ ကျွန်တော်တို့ဆီမှာ ၁ ရာခိုင်နှုန်းလောက် ပေးရင်ကိုကောင်းနေပြီ။ သို့သော်ငြားလည်းအစိုးရက ၁ ရာခိုင်နှုန်းတောင် ပေးနိုင်မလား၊ မပေးနိုင်ဘူးလားဆိုတာမသိဘူးပေါ့။" လို့ ပြောပါတယ်။

Alpha Info-Tech Co.,Ltd ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူကလည်း "ခဏလေးရေတိုဆိုရင်တော့ ဘယ်သူမဆိုစေတနာတို့ အားတို့နဲ့ လုပ်ဖို့ကလွယ်တယ်။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ လုပ်ငန်းမျိုးဖြစ်အောင်လုပ်မယ်ဆိုရင်တော့ လုံလောက်တဲ့ ကုန်ကျစားရိတ်ကတော့ ခံနိုင်မှရမယ်။ အဲဒါကိုခံနိုင်အောင် ဘယ်လို Model နဲ့ ပြန်ရှာမလဲဆိုတာအရေးကြီးတယ်။ ရှင်းရှင်းပြောရရင် ပိုက်ဆံမရှိဘဲနဲ့ တစ်ချို့ အကြီးကြီးတွေ လုပ်လို့မရဘူး။ Budget ကိစ္စ၊ ဝင်ငွေကိစ္စမျိုးကလိုတယ်၊ တစ်ခုတော့ ရှိတယ်၊ သားမက်လိုချင်ရင် သမီးအပျိုရည်ပျက်မှာတော့ ကြောက်လို့မရဘူး။" လို့ ပြောပါတယ်။

အဲဒီ့တော့ လက်ရှိအစိုးရသစ်လက်ထက်မှာတည်ဆောက်ဖို့ရှိနေတဲ့ E-Government စနစ်ကရေရှည်မှာရော အောင်မြင်မှာလား…? အရင်အစိုးရအဆက်ဆက်အတိုင်း…တစ်ဝက်တစ်ပျက်နဲ့ပဲ   ဖြစ်နေမှာလား..ဆိုတာစောင့် ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly