ချင်းတွင်းမြစ်ဆိပ်ကမ်းမြို့နယ်များတွင် ရေယာဉ်စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြား

ချင်းတွင်းမြစ်ဆိပ်ကမ်းမြို့နယ်များတွင် ရေယာဉ်စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြား

မုံရွာ၊ အောက်တိုဘာ ၃၀ ။            ။ ချင်းတွင်းမြစ်ဆိပ်ကမ်းမြို့နယ်များတွင် ရေယာဉ်များ ဆိုက်ရောက်မှု၊ ထွက်ခွာမှုများအား စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းထားရန် တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခြောက်လပတ်အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့ပြီးနောက် ယင်းသို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောသည်။

"ရေယာဉ်ဆိပ်ကမ်းရှိတဲ့မြို့နယ်တွေဖြစ်တဲ့ ကနီ၊ မင်းကင်း၊ ကလေးဝ စသည့်မြို့နယ်တွေ၊ အထက်ချင်းတွင်း ဒေသက မြို့နယ်တွေ မှာ ရေယာဉ်ထွက်ခွာမှု၊ ဆိုက်ရောက်မှုကို စစ်ဆေးမယ့်အဖွဲ့တွေ ဖွဲ့စည်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ခြောက်လပတ်အစည်းအဝေးအပြီးမှာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါအဖွဲ့များတွင် ထွေအုပ်၊ ရညန၊ရဲ၊ ပရဟိတအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စသည့်တို့ ပါဝင်မည်ဖြစ်ပြီး ရေယာဉ်ထွက်ခွာမှု၊ ဆိုက်ရောက်မှုကို အတိအကျ စစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးမှူးရုံးများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော အမြန်ရေယာဉ်များလိုက်နာရမည့် စည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိအား စစ်ဆေးမည်ဖြစ်ပြီး ဖောက်ဖျက်ခဲ့ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly