ဒဟတ်မှော်မှာ ကံစမ်းကြတဲ့ရေနံ မုဆိုးတွေ

ဒဟတ်မှော်မှာ ကံစမ်းကြတဲ့ရေနံ မုဆိုးတွေ
မကွေးတိုင်း မင်းလှမြို့နယ်ရှိ ဒဟတ်ပင်ရေနံမှော် ရေနံလုပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

မကွေးမြို့ကိုစဝင်လိုက်တယ်ဆိုတာနဲ့ အညာမြေနဲ့ ခွဲမရနိုင်တဲ့ ခြောက်သွေ့တဲ့ ရာသီဥတု၊ အညာရဲ့ ပုံရိပ်တမာ ပင်ကြီးတွေနေရာ အနှံ့ အုံ့ဆိုင်းနေတဲ့ မြင်ကွင်းက ကျွန်တော့်ကို ဆီးကြိုလိုက် ပါတယ်။

မကွေးမြို့ရဲ့ အဝေးပြေး ကားဝင်းအတွင်းမှာတော့ ခရီးသည် တကြော်ကြော်အော်ခေါ်နေတဲ့ ကားသမား တွေ၊ ကားတွေနဲ့ စည်ကားနေပြီး မကွေးကနေ ချောက်၊ ရေနံချောင်း၊ မင်းလှ၊ သရက်၊ မင်းဘူး စတဲ့မြို့များကို ပြေးဆွဲနေတဲ့ ကားတွေက အများ ဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့ သွားမယ့် မင်းလှမြို့နယ်ထဲက ဒဟတ်ပင် ရေနံမှော်ဘက်ကို ထွက်မယ့် ကားလိုက်ရှာလိုက် တာ လိုက်ထရပ်ကား တစ်စီး တွေ့ရပါတယ်။ ဒါနဲ့ပဲ ဒဟတ်ပင်ဘက်ကို သွားဖို့ ကားစောင့်နေကြတာပေါ့။ ကားစောင့်နေတုန်းမှာပဲ ရေနံနံ့ သင်းနေတဲ့ အဝတ်အစားတွေ ပေပေရေရေနဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မိသားစုတွေ ကျွန်တော်တို့ ကားစောင့်နေ တဲ့နေရာကို တဖွဲဖွဲ ရောက်လာပါတယ်။

ကားစထွက်တာနဲ့ သူတို့ရဲ့ စကားသံတွေ နားစွင့်ရင်း လိုက်လာခဲ့တော့ ရေနံမှော်မှာ သွားအလုပ် လုပ်ရင်းနဲ့ အဆင်မပြေ တာကြောင့် အခြားရေနံမှော်ကို ပြောင်းပြီး လုပ်ကိုင်မယ်လို့ ဆိုတဲ့ ရင်ဖွင့်နေသံတွေကိုလည်း ကြားရပါ တယ်။

မကွေးကနေ ဧရာဝတီ မြစ်ကူးတံတားကို ဖြတ်ကျော်ပြီး မိုင် ၅၀ လောက် မောင်းပြီးတဲ့ နောက်မှာတော့ မင်းလှမြို့မှာ ခရီးသည် တချို့ ဆင်းနေခဲ့ကြပါတယ်။ အဲဒီနောက် သရက်မြို့ဘက်ကို ဦးတည်မောင်းနှင် လာခဲ့ပါ တယ်။ လမ်း တစ်ဘက်တစ်ချက် မှာတော့ နှမ်းပင်တွေ စိုက်ပျိုးထားတာကို တွေ့ရပါတယ်။ မိုင် အနည်းငယ် လောက် မောင်းနှင်ပြီးတဲ့ အခါမှာတော့ ဈေးသည်တွေ၊ အလုပ်သမား တွေ၊ ရေနံပီပါ တင်ထားတဲ့ ကားတွေနဲ့ ပွဲဈေးပမာ စည်ကားနေတဲ့ နေရာတစ်နေရာကို ရောက်လာ ပါတယ်။

လမ်းရဲ့ တစ်ဘက်မှာတော့ အစိမ်းရောင် တာလပတ်နဲ့ မိုးထားတဲ့ စက်သံတညံညံနဲ့ ရေနံတူး နေကြတဲ့ လုပ်ကွက်တွေကို လှမ်းမြင်နေရပါတယ်။ အဲဒီနေရာကို သူတို့ ရေနံလုပ်သားတွေက ရေနံလျှံ နေတဲ့ တကိုင်း ရေနံမှော်လို့ ခေါ်ကြပါတယ်။

တကိုင်းရေနံမှော်ကနေ ထွက်လာပြီး တောင်ကုန်းတွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ ပိုမို စည်ကားတဲ့ ရွာကြီးတစ်ရွာ ပုံစံဖြစ်နေ တဲ့နေရာကို ရောက်လာပါပြီ။ ဒါကတော့ နှစ်ပေါင်းများစွာ အကြီးဆုံး ရေနံမှော်အဖြစ် တည်ရှိခဲ့တဲ့ ဒဟတ်ပင် ရေနံမှော်ပဲ ဖြစ်ပါ တယ်။

ဒဟတ်ပင်မြေကို ခြေချလိုက်တယ်ဆိုရင်ပဲ ရေနံနံ့ သင်းသင်းလေး က ဆီးကြိုနေပါတယ်။ မကွေးကနေ မနက် ၁၀ နာရီလောက် ကနေထွက်လာလိုက်တာ ညနေစောင်းတော့ ဒဟတ်ပင်ကို ရောက် တာကြောင့် အနီးမှာရှိတဲ့ ရေနံလုပ်ကွက်တွေကိုပဲ ကျွန်တော် တို့လိုက်ပြီး ကြည့်ဖြစ်ပါတယ်။

ရေနံလုပ်ကွက်တွေမှာတော့ ရေနံမှော် အသစ်တူးနေတဲ့သူတွေ ၊ရေနံတွင်းဟောင်း ကိုရေနံချူနေ တဲ့ရေနံလုပ်သားတွေကို လည်းတွေ့ရ ပါတယ်။ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေကိုယ်တိုင် လက်လှည့်တွင်းထဲက ရေနံကို ခက်ခက်ခဲခဲ ခပ်ယူ နေတာကိုလည်း တွေ့ရပါတယ်။

အဲဒီ တစ်ညကတော့ အနီးအနား ရေနံတွင်းတွေကို လိုက်ကြည့်တာလောက်နဲ့ပဲ ကျေနပ်လိုက် ရပါတယ်။ နောက်တစ်နေ့ နံနက်စောစောပိုင်းမှာတော့ ဒေသခံတွေက နှစ်ရှည် ရေနံမှော် လုပ်ကိုင် နေတဲ့နေရာတွေကို လိုက်ပို့ ပေးပါတယ်။

အဲဒီ နှစ်ရှည် ရေနံမှော် အဝင်လမ်းမှာတော့ စည်ကားလှတဲ့ ဈေးဆိုင်တန်းတွေ၊ ရောင်းသူ ဝယ်သူတွေ နဲ့ စည်ကားလှတာ ရွာက ဘုရားပွဲကိုတောင် အမှတ်ရမိတဲ့ အထိပါပဲ။

အဲဒီ ဈေးတန်းတွေကနေတစ်ဆင့် အတွင်းပိုင်းကို ဆက်လျှောက်သွားလိုက်တော့ မည်းညစ်နေ တဲ့ မြေသား တွေ၊ ရေနံစင်ကြီး၊ စင်ငယ်တွေ၊ လျှံကျနေသည့် ရေနံတွေကို အဝတ်ကပ်ပြီး ရေနံ ကောက်နေတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ၊ စက်သံတညံညံနဲ့ ကွင်းပြင်တစ်ခုလုံး ရေနံလုပ်နေတဲ့ လုပ်ကွက်တွေကို ကြည့်ရတာဟာ သူ့တာဝန်နဲ့ သူ၊ သူ့အလုပ်နဲ့သူ မအားလပ်နိုင်အောင် ဖြစ်နေတာကို တွေ့ရပါတယ်။

ရေနံတူးတဲ့ နေရာမှာ ငွေကြေးတတ်နိုင်သူတွေက စက်တွေနဲ့ တူးနေတာကို တွေ့ရမှာဖြစ်ပြီး ငွေကြေး မတတ်နိုင်တဲ့သူတွေက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

ဒဟတ်ပင်မှာ လာရောက်လုပ်ကိုင်နေကြသူတွေကို မေးမြန်းကြည့်တော့ အများစုကတော့ တခြားအရပ် ဒေသတွေက လာတာ ဖြစ်ပါတယ်။ မျှော်လင့်တကြီး စီးပွားလာရှာတဲ့ သူတို့တွေက သူတို့ရဲ့ ရပ်ရွာက အိမ်၊ ခြံ၊ မြေ၊ ယာတွေ ကို ပေါင်သင့်ရင် ပေါင်၊ ရောင်းသင့်ရင် ရောင်းပြီး စွန့်စားလာကြတဲ့သူတွေလည်း များပါတယ်။

မိသားစုအလိုက် တစ်နိုင်တစ်ပိုင်လာရောက် ရေနံတူးနေတဲ့ ရေနံလုပ်သားတစ်ဦးက “ကျွန်တော်တို့ ရေနံ လုပ်သားတွေအနေနဲ့ ယာပိုင်ရှင်ဆီကနေ မြေငှားရတယ်။ ရေနံတူးဖို့ စက်တွေ၊ အလုပ်သမားတွေ ရင်းရတယ်။ ရေနံတွင်းဆိုကာ ကံစမ်းတာနဲ့ အတူတူ ပဲ ၊မြေငှားတယ်။ ရေနံကို မမြင်မစမ်းနဲ့ တူးတယ်။ ကံကောင်းရင်တော့ ရေနံကြောမိတယ်။

ကံမကောင်းရင်တော့ ရေနံကြောနဲ့ လွဲတယ်။ အဲလိုဆိုရင် ရင်းထားသမျှ အလကားဖြစ်တယ်။ ကျွန်တော်တို့ဆို တော်တော် ရှုံးတယ်” လို့ သူရဲ့အတွေ့အကြုံကို ဖွင့်ဟပါတယ်။

ဒဟတ်ပင်မှာတော့ ရေနံလုပ်သားတွေသာမက ထွက်သမျှ ရေနံကို လာရောက်ဝယ်တဲ့ သူတွေလည်း ရှိပါတယ်။ သူတို့ကိုတော့ ရေနံလုပ်သားတွေက အခုခေတ်စားနေတဲ့ အမည်နာမ တစ်မျိုးကို သတ်မှတ်ခေါ်ဝေါ် ပါတယ်။ သူတို့က ခရိုနီတွေပါတဲ့။

ကား အကောင်းစားတွေ စီးကာ လည်ပင်းမှာ ရွှေဆွဲကြိုးကြီးကြီး ဝတ်ဆင်ထားပြီး ရေနံ လုပ်သားတွေကြား သွားလာနေတဲ့ ခရိုနီတွေပေါ့။ ရေနံလုပ်သားတွေရဲ့ အဆိုအရတော့ သူတို့က ထွက်တဲ့ ရေနံတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး မင်းလှ၊ မကွေး စတဲ့ မြို့ကြီးတွေမှာ ဈေးကောင်းကောင်း နဲ့ ပြန်ရောင်းကြပါတယ်တဲ့။

ဒဟတ်ပင်မှာ သုံးနှစ်လောက် ကြာနေပြီဖြစ်တဲ့ အသက် ၆၀ နီးပါးရှိ ရေနံလုပ်သားတစ်ဦးက “ဒီကို အလည် လာရင်းနဲ့ သူများတွေ ရေနံတူးတာ အဆင်ပြေလို့ ဆိုပြီး အိမ်ရောင်း ယာရောင်းပြီး ရောက်လာတယ်။ ဒီရောက် တော့ ငွေကို သူများဆီကနေ ချေးပြီး ရေနံတူးတာ၊ ကိုယ့်အလှည့်ကျမှ ရေနံက မထွက်တော့ ထွက်လာတဲ့ ရေနံ ကိုပဲ သူများကို လုပ်ကျွေးရသလို ဖြစ်နေတယ်။ ရတဲ့ပိုက်ဆံ နဲ့ စားရတာ မကာမိတော့ အကြွေးကလည်း အကုန် မဆပ်နိုင်၊ ဒီလိုနဲ့ပဲ ဒီရေနံတွင်းမှာပဲ သံသရာ လည်နေတော့တာပဲ။ အဘတို့မှာက သားသမီးလည်း မရှိတော့ ဒီလိုပဲ ရုန်းကန်နေရတာပေါ့” လို့ သူ့ရဲ့ အခြေအနေကို ပြောပါတယ်။

ဒေသပေါင်းစုံ၊ နေရာပေါင်းစုံက လူတွေအစုံ အလုပ် လာလုပ်ကြတာဖြစ်တော့ စရိုက်တွေ ကလည်း တော်တော်လေးကို အစုံ တွေ့ရပါတယ်။ လောင်းကစား၊ မူးယစ်ဆေး အစုံကိုလည်း မမြင်ချင် တွေ့လျက်သား ဖြစ်နေတဲ့ ဒဟတ်ပင်ပေါ့။

လူငယ်တွေအတွက်ကတော့ မူးယစ်ဆေး က ဆွဲဆောင်နေ တဲ့ နေရာ။ နယ်မြေခံ ရဲတွေကတော့ မူးယစ်ဆေးနဲ့ လောင်းကစား အတွက် မကြာခဏ လာရောက် ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်ကဒဟတ်ပင်ရေနံမှော်မှာ ရှိတဲ့ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေ တဲ့ရေနံတွင်းတွေ ကို သစ်တောမြေလို့ ဆိုပြီး ရဲအင်အား အလုံးအရင်းနဲ့ လာရောက် ဖယ်ရှားခိုင်းပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါသေး တယ်။

နောက်ပိုင်းတွေ ညှိနှိုင်းမှုတွေ အဆင်ပြေသွားတဲ့အတွက် ပြန်လည် လုပ်ကိုင်နေတယ်လို့လည်း ရေနံ အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုညီညီအောင်က ဆိုပါ တယ်။

မင်းလှမြို့နယ်အတွင်းမှာ အကြီးဆုံးရေနံမှော် သုံးနေရာရှိပြီး လူဦးရေ နှစ်သိန်းကျော်လောက် လုပ်ကိုင် စားသောက်နေထိုင်ကြ တာဖြစ်ပါတယ်။

နေ့စားအဖြစ် လုပ်ကိုင်မယ်ဆိုရင်တော့ တစ်ရက်ကို ကျပ် ၂,၀၀၀ နဲ့ လုပ်ကိုင်ကြပြီး တစ်နိုင်တစ်ပိုင် တွင်းတူးပြီး လုပ်ကိုင်မယ် ဆိုရင်တော့ ရေနံတစ်တွင်းကို ကျပ် သုံးသိန်းကနေ ငါးသိန်း အထိ ဝယ်ယူကာ လုပ်ကိုင် ကြရပြီး လက်ယက်တွင်းတွေကနေ တစ်နေ့ကို ဂါလံ ၅၀ ကနေ ၅၀ အထက် ရေနံ ရပါတယ်။ အထွက်နည်းတဲ့ နေ့တွေမှာတော့ တစ်နေ့ကိုလေးဂါလံလောက် ပဲမျှော်လင့် လို့ ရနိုင်ပါတယ်။

သူတို့ဆီက ထွက်တဲ့ရေနံစိမ်းရဲ့ ရောင်းဈေးက တစ်ဂါလံကို ကျပ် ၁,၅၀၀ ဖြစ်ပါတယ်။ ဒေသပေါင်းစုံက လူပေါင်းစုံ လာရောက် ကြတဲ့ ဒဟတ်ပင်မှော်ထဲမှာတော့ ပြေလည်နေကြ သူတွေ ရှိသလို အကြွေးတွေနဲ့ ရုန်းကန်နေရသူတွေလည်း အများအပြားပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒဟတ်မှော်ထဲက ရေနံကံစမ်းကြ တဲ့ ရေနံမုဆိုးတွေကတော့ ဘဝကို ကျေကျေနပ်နပ်နဲ့ ပျော်ပျော်ကြီး ပဲ ရေနံ ရှာနေကြတာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags