ရော်နယ်လ်ဒို ဟက်ထရစ် ဂိုးသွင်းပြီး ရီးယဲလ်တို့ အလာဗတ်စ်ကို နိုင်၊ ဘာစီလိုနာနှင့် အက်သလက်တို့ နိုင်ပွဲ အသီးသီးရရှိ

ရော်နယ်လ်ဒို ဟက်ထရစ် ဂိုးသွင်းပြီး ရီးယဲလ်တို့ အလာဗတ်စ်ကို နိုင်၊ ဘာစီလိုနာနှင့် အက်သလက်တို့ နိုင်ပွဲ အသီးသီးရရှိ
(ဓာတ်ပုံ - အီးပီအေ)

စီရော်နယ်လ်ဒိုက ဒုတိယ ပင်နယ်တီဂိုး လွှဲချော်ခဲ့ပေမယ့် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရီးယဲလ်တို့ အလာဗတ်စ်ကို အဝေးကွင်း ဂိုးပြတ်အနိုင်ရရှိတာကြောင့် လာလီဂါဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။

အလာဗတ်စ်က ရီးယဲလ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ လာလီဂါမှာ အိမ်ကွင်း ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပေမယ့် ရော်လ်နယ်ဒိုရဲ့ ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဖွင့်ဂိုးကို အလာဗတ်စ်အသင်း တိုက်စစ်မှူး ဒိုင်ဗာဆင်က ပွဲချိန်အစောပိုင်း (၇) မှာ သွင်းယူခဲ့ပေမယ့် ဘေးလ်ရဲ့ ဖရီးကစ်ကို ကာကွယ်ရာမှာ အလာဗစ် ကစားသမား လက်နဲ့ထိလို့ ပင်နယ်တီပေးလိုက်ရပါတယ်။ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ရော်နယ်လ်ဒိုက ပွဲချိန် (၁၇) မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

ရီးယဲလ်အတွက် ဒုတိယဂိုးကို ရော်နယ်လ်ဒိုကပဲ ပွဲကစားချိန် (၃၃) မိနစ်မှာ ဂိုးဧရိယာထိပ်ကနေ ခပ်ပြင်းပြင်း ဂိုးကန်သွင်းယူသွားပါတယ်။

ဒုတိယပိုင်း (၈၄) မိနစ်မှာ ရီးယဲလ်ဘက် အနောက်ခြမ်းကနေ မာဆယ်လိုက ကန်တင်ပေးလိုက်တာကို တိုက်စစ်မှူး မိုရာတာက ဂိုးထိပ်ကနေ ဂိုးသမားကို ကျော်ပြီး လှလှပပ သွင်းယူသွားခဲ့ပါတယ်။ နောက် (၄) မိနစ်အကြာမှာပဲ စီရော်နယ်လ်ဒိုနဲ့ မာဆယ်လိုတို့ ဂိုးဧရိယာအတွင်း အပေးအယူလိုက်ပြီး စီရော်နယ်လ်ဒိုက သူရဲ့ တတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းက ဒီနိုင်ပွဲကြောင့် ဂရန်နာဒါကို တစ်ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ နိုင်တဲ့ ဘာစီလိုနာရဲ့ အထက် (၂) အမှတ်အကွာ ရမှတ်  (၂၄) မှတ်နဲ့ ဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။ ဒါ့အပြင် ရီးယဲလ်က မာလာဂါကို (၄-၂) နဲ့ နိုင်ပြီး ဆီဗီလာနဲ့ပွဲမှာ အမှတ်လျော့ကာ ဒုတိယနေရာကနေ စတုတ္ထနေရာအထိ ဆင်းသွားခဲ့တဲ့ မြို့ခံပြိုက်ဖက် အက်သလက်တီကို (၃) မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

လာလီဂါ ရလဒ်များ
စပို့တင်းဂီဂျွန် ၁-၁ ဆီဗီလာ
အလာဗတ်စ် ၁-၄ ရီးယဲလ်မက်ဒရစ်
အက်သလက်တီကို ၄-၂ မာလာဂါ
ဘာစီလိုနာ ၁-၀ ဂရန်နာဒါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags