တရားဥပဒေ စိုးမိုးရေးကို နှောက်ယှက်သူ BM ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီးရမိ

တရားဥပဒေ စိုးမိုးရေးကို နှောက်ယှက်သူ BM ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီးရမိ
ဓာတ်ပုံ - Yangon Police

 ရန်ကုန်၊ အောက်တိုဘာ ၂၉ ။               ။ သင်္ကန်းကျွန်းမြို့နယ် ၊ လေးထောင့်ကန်လမ်း ဘဝမြင့်မှတ်တိုင်အနီးတွင် အမျိုးသားနှစ်ဦးကို သံတုတ်၊ သစ်သား တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဘီအမ် ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသူများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း ရန်ကျော်နိုင်(၂၃)နှစ်နှင့် ခေါလေး(ခ)မိုးမင်းဦး (၂၀)နှစ်၊ ယာဉ်နောက်လိုက်  အောင်မျိုးထွေး(၂၀)နှစ်နှင့်   ကောင်းမြတ်နိုင် (၁၉)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ အဆိုပါလေးဦးသည် အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က အငှားယာဉ်ပေါ်တွင် လိုက်ပါ လာ သည့် အမျိုးသားနှစ်ဦးကို လူမြင်ကွင်း၌ မင်းမဲ့စရိုက်ဆန်ဆန် သံတုတ်များ သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက် နှက်ခဲ့သည့်အတွက် အမျိုးသားနှစ်ဦးတွင် ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင် ဒဏ်ရာများ ရရှိခဲ့၍ သင်္ကန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် အရေးယူ   ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

BM ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ယင်းသို့ကျူးလွန်ပြီး ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်သို့ တိမ်းရှောင်သွားကြောင်း သိရသဖြင့် ကဝမြို့နယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၄)ဦးသည် အများသူငှာသွားလာနေသော လမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များ ကိုင်ဆောင်၍ တရားဥပဒေ စိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သင်္ဃန်းကျွန်း မြို့မရဲစခန်း (ပ)၁၁၀၁/ ၂၀၁၆၊ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly