ချင်းပြည်နယ်တွင် ဟိုတယ် ၁၀ လုံး တည်ဆောက်မည်

ချင်းပြည်နယ်တွင် ဟိုတယ် ၁၀ လုံး တည်ဆောက်မည်
ချင်းပြည်နယ် ဖလမ်းမြို့ဝင်ဆိုင်းဘုတ်တစ်ခုအား  ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ (ရာမည)

ရန်ကုန်၊အောက်တိုဘာ ၂၉ ။            ။ ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံများအလုပ်အကိုင်ရရှိရန်အတွက် ဟိုတယ် ၁၀ လုံး တည်ဆောက်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဟိုတယ် ၁၀လုံး အထိ လက်ခံသွားမှာပါ" ဟု ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမသို့ ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ ဟားခါး ၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ခိုင်ကမ်းမြို့များတွင် ဟိုတယ် တည်ဆောက်ရန် အဆိုပြုလွှာများကို ချင်းပြည်နယ် အစိုးရအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့က စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဟိုတယ်လုပ်ငန်းလုပ်ကိုင်လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် နိုဝင်ဘာ (၇) ရက်နေ့ နောက်ဆုံး ထား လျှောက်ထားရမှာဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်ထိ အဆိုပြုထားသူ ၃ ဦးရှိနေကြောင်း ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။

"ဟိုတယ်ခရီး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်တဲ့သူတွေ၊ ဟိုတယ်လုပ်ငန်း အတွေ့အကြုံရှိတဲ့ သူတွေ၊ ချင်းရိုးရာအတိုင်း ဆောက်လုပ်နိုင်တဲ့သူတွေ၊ မြို့ဖိမြို့ဖများက လက်ခံနိုင်တဲ့ သူတွေပေ့ါ" ဟု သတ်မှတ်ထားသည့် အရည်အချင်းများကို ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်အတွင်း ဟိုတယ်တည်ဆောက်ခြင်းကို ပထမဆုံးအကြိမ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ ချင်းပြည်နယ်၏ သဘာဝအလှအပရှုခင်းများကို အခြေခံ၍ ပြည်နယ်အစိုးရက ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly