နို့ဘိုးဒုက္ခသည်​စခန်​းမှ ပြည်တော်ပြန် ဒုက္ခသည်များကို တန်ဖိုးနည်းအိမ်ယာ ရောင်းချပေးမည်

နို့ဘိုးဒုက္ခသည်​စခန်​းမှ ပြည်တော်ပြန် ဒုက္ခသည်များကို တန်ဖိုးနည်းအိမ်ယာ ရောင်းချပေးမည်
 Photo - Phyo Oo (Facebook)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။                   ။ ထိုင်း - မြန်မာနယ်စပ်ရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ရန်ကုန်မြို့လူကယ်ပြန် ရုံးသို့ရောက်ရှိလာသူများ နေထိုင်ရန် အိမ်ယာအတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်ရှိသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ယာ စီမံကိန်းရှိ အိမ်ယာများကို နှစ်ရှည်စီမံကိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

“ သိန်း ၉၀ ကျော်လောက်သွင်းရမယ်ပေါ့ ငွေသွင်းဖို့ကို သူတို့ဘယ်လိုပုံစံနဲ့ သွင်းမလဲဆိုတာ သူတို့ကို မေးထားတယ်ဗျ။ အဖြေရရင် အိုးအိမ်ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ နေရာချထားဖို့ ဆက်လုပ်မယ်" ဟု လူဝင်မှု ကြီးကြပ်ရေး နှင့် ပြန်လည်နေရာချထားရေး ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းရွှေက ပြောဆိုသည်။

နို့ဘိုး ဒုက္ခသည်စခန်းရှိ မိသားစု ၄ စုမှ  ၁၇ ဦးသည် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ လူကယ်ပြန်ရုံးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့မှာ နေထိုင်ရန်အတွက် အိမ်ယာနှင့် အလုပ်အကိုင်အတွက် အခက်ခဲရှိ နေကြောင်း သိရသည်။

“ကျွန်မတို့ ဒုက္ခသည်စခန်းက လာတယ်ဆိုတော့ ဘာပါမှာလည်း ဘာမှမပါဘူး။ အဝတ်ဟောင်း အစားဟောင်းတွေ ထည့်ထားတဲ့ အိပ်တွေ ပဲပါလာတာလေ။ ဟိုမှာနေတာ  ရှစ်နှစ်ပါရှင်" ဟု နို့ဘိုး ဒုက္ခသည်စခန်းတွင် ၈ နှစ်ခန့် နေထိုင်လာသူ တစ်ဦးဖြစ်သည့် မခင်စန်းရီက မဇ္ဈိမသို့ ပြောသည်။

အကယ်၍ ငွေပေးမသွင်းနိုင်ပါကလည်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးတွင်ဆက် လက်ထားရှိမည် မဟုတ်ကြောင်း ဦးဝင်းရွှေက ပြောသည်။

“ရာခိုင်နူန်းတစ်ခုသွင်းရမှာရှိမယ် နောက်ပြီးတော့မှ ဆယ်စုနှစ်နီးပါးကို သွင်းသွားတဲ့ဟာမျိုးရှိတယ် အဲ့တာမျိုးဆိုရင် သူ့လုပ်အားနဲ့သူနေမဲ့အခန်းကို ယူတဲ့ပုံစံပဲလေ ဒီဟာမျိုးတော့ သွားရမှာပေါ့ အဲ့လိုမျိုးမှ မသွားဘူးဆို ကိုယ်တို့ ကယ်ဆယ်ရေးရုံးမှာ ထားမလားဆိုတော့ မထားပါဘူး" ဟု ၎င်းကပြောသည်။

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် သူများရှိနေသေးပြီး အကုန်လုံးအတွက် အိမ်ယာ ပေးမည်ဆိုပါက နိုင်ငံတော်မှ ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းရွှေက ပြောဆိုသည်။

နို့ဖိုး ဒုက္ခသည်စခန်းမှ ၆၅ ဦးသည် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းစသည့် ပြည်နယ်နှင့်တိုင်းများသို့ သွားရောက်သူများရှိကာ ၁၇ ဦးမှာ ရန်ကုန်တိုင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အခြားပြည်နယ်မ ှဒုက္ခသည်များ၏ အခြေနေကို မသိရသေးပေ။

“ အခု ဒီကိုပြန်လာတဲ့ခါကျတော့ ဘယ်ကနေဘယ်လို ပြန်စရမလည်း မသိဘူး။ သုည ကနေပြန်စရမယ့် အနေထားမှာရှိတယ်။ လွန်ခဲ့တဲ့ ၈ နှစ် လောက်ထဲက ရောက်သွားပြီးတော့ အခုပြန်ရောက်လာတဲ့အခါမှာ ကျတော့ ဒီလိုပဲ အလုပ်အကိုင် ရှာဖွေရမှာပေါ့လေ" ဟု မခင်စန်းရီက ပြောဆိုသည်။

အလုပ်အကိုင် ရရှိရေးအတွက်ကို အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်သွားမည် ဟု ဦးဝင်းရွှေက ပြောသည်။

လက်ရှိအချိန်ထိ ရန်ကုန် လူကယ်ပြန်ရုံးရှိ ၁၇ ဦးအတွက် မိသားစုတစ်စုလျှင် မြန်မာအစိုးရမှ သုံးသိန်းကျပ်၊ တိုင်းဒေကြီးအစိုးရအဖွဲ့မှ နှစ်သိန်းကျပ် ကြက်ခြေနီအသင်းမှ တစ်သိန်းကျပ် ပေးထားသောကြောင့် ၆သိန်းကျပ်စီ ရရှိထားကြောင်း သိရသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်း- မြန်မာနယ်စပ် တာ့ခ်၊ ကန်ချနဘူရီ၊ ရာချ်ပူရီနှင့် မယ်ဟောင်ဆောင် စသည့် ခရိုင် ၄ ခု တွင် မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်းကျော် ခိုလှုံနေကြခြင်းဖြစ်ကာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး  နှစ်နိုင်ငံအစိုးရတို့အကြား ဆွေးနွေးသဘောတူညီခဲ့ကြပြီးနောက် နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခ ၁၁၀၀၀ ခန့် မှ ၆၅ ဦး ပထမဆုံးအကြိမ် ပြည်တော်ပြန်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly