စီရော်နယ်လ်ဒို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ ဇီဒန်း ပြော

စီရော်နယ်လ်ဒို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တယ်လို့ ဇီဒန်း ပြော
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်မှာ စီရော်နယ်လ်ဒိုဟာ ပုံစံကောင်း မရသေးပေမယ့် မက်ဆီအထက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရသင့်တယ်လို့ နည်းပြ ဇီဒန်းက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ဖလားရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံးဆု Ballon d'Or ကို ရရှိဖို့ ရေပန်းစားသူထဲက တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ စပိန်ကလပ် ရီးယဲလ်နှင့်အတူ ပွဲထွက် (၉) ပွဲကစားရာမှာ (၄) ဂိုးသာ သွင်းယူနိုင်ပြီး အရင်က ဂိုးသွင်းပုံစံကောင်းကို မရနိုင်သေးဘဲ ရုန်းကန်နေရပါတယ်။

"ရှင်းပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရဖို့ ထိုက်တန်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရော်နယ်လ်ဒို ဘာတွေ ပြီးမြောက်သွားတယ်ဆိုတာ ကြည့်ပါ။ တစ်ဦးချင်းအဆင့်မှာ တင်မဟုတ်ပါဘူး၊ အသင်းလိုက်အဆင့်မှာပါ အားလုံးရဲ့ အထက်မှာ ရှိနေပါတယ်။"လို့ ဇီဒန်းက ပြောပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု သုံးကြိမ်ရရှိသူ ရော်နယ်လ်ဒိုနှင့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် မက်ဆီတို့ဟာ ၂၀၁၆ အကောင်းဆုံးဆုအတွက် ဆန်ခါတင် (၃၀) ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ရိုနယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ယူအသင်းမှ ဘာနေဗျူးသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပွဲပေါင်း (၃၅၇) ကစားရာမှာ (၃၆၈) ဂိုး သွင်းယူနိုင်ပါတယ်။ ဒါက ပြီးခဲ့တဲ့ သုံးရာသီရဲ့ တစ်ရာသီချင်းမှာ ပျမ်းမျှ တစ်ပွဲ တစ်ဂိုးနှုန်းကျော် သွင်းယူနိုင်တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly