သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေရန် ဆောင်ရွက်မည်

သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေရန် ဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာလ ၂၈ ။             ။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောသည်။

အောက်တိုဘာလ ၂၇ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် ကျင်းပသော ကရင်ပြည်နယ် သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ   ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအပါအဝင် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သူများအား ယခု အခြေအနေထက် အရည်အချင်း ပြည့်မီသော ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ်ပေးရန်အတွက် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွမ်းကျင်မှုဆိုတာက ဟိုတယ်လိုင်စင်တွေ၊ ခရီးသွားလာရေး လိုင်စင်တွေနဲ့ ပတ်သက်ပြီးတော့လည်း နောင် အခါ လုပ်ငန်းလိုင်စင်တွေ ချပေးတာတွေ၊ လုပ်ငန်းလိုင်စင်အရ သက်တမ်းတိုးတဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်း ပြည့် မီတဲ့ လက်မှတ်ရ သင်တန်းဆင်းတွေရှိမှသာ ဟိုတယ်နဲ့ ခရီးသွားလာရေးက နေပြီးတော့ တိုးပေးမှာပါ။ နောက် တစ်ခုက နိုင်ငံတကာနဲ့ မှီအောင်လို့ ရင်ဘောင် တန်းမယ်ဆိုရင် ခြေလှမ်း ကျဲကျဲလှမ်းပြီး အမှီလိုက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားရမယ့် အခြေအနေဖြစ်ပါတယ်။ "ဟု ဝန်ကြီးဦးသန်းနိုင်က ဆိုသည်။

သံတောင်ကြီးဒေသသည် ယခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့်ဒေသ ၆ ခုတွင်ပါဝင်ပြီး လက်ရှိတွင် သံတောင်ကြီးဒေသ၌ အိပ်ယာနှင့် မနက်စာ ဧည့်ရိပ်သာ ၇ လုံးတည်ဆောက်ခွင့်ပြုထားကြောင်း သိရသည်။

"ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဆိုအရ ခရီးသွားလုပ်ငန်းမှာ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုဟာ ကမ္ဘာ့ အ လုပ်အကိုင်များအားလုံးရဲ့ ၁၁ ပုံ ၁ ပုံရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း အတွက် ခရီး စဉ်ဒေသ မြှင့်တင်ဆောင်ရွက်တဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး လုံးခြုံချောမွေ့ဖို့၊ အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးတိုးတက်ရေး ဒါတွေသာမက လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်ရေးကလည်း အဓိကကျတဲ့ ကဏ္ဍတစ်ရပ် ဖြစ်ပါ တယ်" ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ခရီးသွားမြှင့်တင်မှု ဌာနခွဲ၊ညွှန်ကြားရေးမှူး ဦးဇေ ယျာမျိုးအောင်က ပြောသည်။

ကရင်ပြည်နယ်ရှိ သံတောင်ကြီးဒေသ၊ ဘားအံနှင့် မြဝတီမြို့များတွင် ခရီးသည်ဝင်ရောက်မှုများမှာ လစဉ် အစီခံ စာအရ ပြည်ပခရီးသည် ဝင်ရောက်မှုစုစုပေါင်း ၁သိန်းကျော် (၁၁၅, ၇၆၂ ဦး )   နှင့်   ပြည်တွင်းခရီးသည် ဝင် ရောက်မှု စုစုပေါင်းမှာ ၆ သိန်းနီးပါး ( ၅၉ဝ, ၉၈၉ ဦး ) ရှိကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည် ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ်တွင် ဘားအံ၌ ဟိုတယ် ၁ဝ လုံး၊ မြဝတီတွင် ၄ လုံး၊ တည်ဆောက်ဆဲ ဟိုတယ် ဘားအံတွင် ၅ လုံး၊ မြဝတီတွင် ၁ လုံး၊ စည်ပင်သာယာရေးလိုင်စင်ရရှိထားသော ဟိုတယ်နှင့် တည်းခိုခန်းမှာ ဘားအံတွင် ၁၈ ခု၊ မြဝတီတွင် ၄၅ ခု၊ ကော့ကရိတ်တွင် ၅ ခုနှင့် ဘုရားသုံးဆူတွင် ၈ ခုရှိပြီး လိုင်စင်ရရှိထားသော ခရီးသွားလာ ရေးကုမ္ပဏီမှာ ဘားအံတွင် ၃ ခု မြဝတီတွင် ၇ ခုရှိကြောင်း ကရင်ပြည်နယ် သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။

အဆိုပါ ကရင်ပြည်နယ် သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ပွဲကို သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့မှ ကြီးမှူး၍ peace Nexus Foundation နှင့် Hanns Seid el Foundation တို့က စီစဉ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ တာဝန်သိ ခရီးသွားလုပ်ငန်း သင်တန်းကျောင်းတို့မှ ကူညီထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly