မာရစ်ကာရေး နှင့် ဂျိမ်းစ်ပက်ကာတို့ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ပြီ

မာရစ်ကာရေး နှင့် ဂျိမ်းစ်ပက်ကာတို့ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ပြီ

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၈ ။               ။ အမေရိကန်အဆိုတော် မာရစ်ကာရေး နှင့် သြစတြေးလျ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင် ဂျိမ်းစ်ပက်ကာတို့သည် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၆ နှစ်အရွယ်ရှိ အဆိုတော် မာရစ်ကာရေး ပါဝင်မည့်  မကြာမီ ထုတ်လွှင့်ပြသမည့် “Mariah’s World” အစီစဉ်နှင့ ်ပတ်သက်၍ တင်မာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့်  မာရစ်ကာရေး နှင့် ဂျိမ်းစ်ပက်ကာတို့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း Woman’s Day  မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“ မာရစ်ရဲ့ ရုပ်သံအစီစဉ်သစ်နဲ့ ပတ်သက်လို့ ဂျိမ်းစ်က  ကြိုတင်မှာကြားထားတာ တွေရှိတယ်။ မာရစ်က သူတို့ရဲ့ဘဝကို ကမ္ဘာတစ်ဝန်းကို ချပြဖို့ ဆန္ဒရှိနေတယ်။ ဒါကပဲ သူတို့နှစ်ဦး လမ်းခွဲစေဖို့  ဖြစ်ခဲ့တာပါ ”ဟု သတင်းအရင်းမြစ်က Woman’s Day  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

ပက်ကာသည်  မာရစ်ကာရေး၏ ရုပ်သံအစီစဉ်ကို မနှစ်မြို့ခြင်းက ၎င်းတို့ နှစ်ဦး လမ်းခွဲရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း သတင်းအရင်းမြစ်များက  TMZ သတင်းဌာနကို ပြောကြားသည်။

ပက်ကာသည် သီတင်းပတ်ကုန်က မာရစ်ကာရေး ကျင်းပပြုလုပ်သော ဟော်လိုဝင်းပါတီပွဲကို တတ်ရောက်ခဲ့ခြင်းမရှိကြောင်း နှင့် ပါတီပွဲသို့ တတ်ရောက်လာသော ဧည့်သည်များတွင် မာရစ်ကာရေး၏ ခင်ပွန်းဟောင်းဖြစ်သူ နစ်ခ်ကန်နွန် နှင့် အမြွှာသားသမီးနှစ်ယောက်ကို တွေ့ခဲ့ကြောင်း E! News က ဖော်ပြသည်။

မာရစ်ကာရေးသည် ခင်ပွန်းဟောင်းဖြစ်သူ ကန်နွန်နှင့် ခြောက်နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်က ကွာရှင်းခဲ့သည်။ မာရစ်ကာရေးသည် ဇန်နဝါရီလက အသက် ၄၉ နှစ်အရွယ်ရှိ သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်  ဂျိမ်းစ်ပက်ကာ နှင့် စေ့စပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly