ကျားခေါင်းပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာ ၁၅၀ ဝင်ပြိုင်မည်

ကျားခေါင်းပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး နေရာ ၁၅၀ ဝင်ပြိုင်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)က ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် နေရာ ၁၅၀တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု SNLD၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဇ္ဈိမကို ပြောသည်။

ဗဟိုကော်မတီ အစည်းအဝေးကြီးက ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် အတည်ပြု ဆုံးဖြတ်လိုက်သည်ဟု ဇူလိုင်လ ၁၆ ရက် ရက်စွဲဖြင့် ပါတီက ထုတ်ပြန်ကြေညာထားသည်။

ကိုယ်စားလှယ်လောင်း၏ ၅၀ ရာခိုင်နှုန်းများအမျိုးသမီး ကိုယ်စားလှယ်လောင်းများ ဖြစ်နိုင်သော်လည်း အတိအကျပြောဆို၍ မရသေးဟုလည်း ဦးစိုင်းညွန့်လွင်က ဆိုသည်။

ဦးစိုင်းညွန့်လွင်က “အနည်းဆုံးနေရာက ၁၅၀လောက်ပဲရှိမှာပါ။ အသေးစိတ်ကတော့ အတည်မပြုနိုင်သေးပါဘူး။ အဓိကက စည်းရုံးရေးနယ်မြေ ထောက်ခံတဲ့သူများတဲ့ နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ” ဟုပြောသည်။ 

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို သြဂုတ်လ ၈ ရက်တွင် အတည်ပြုသွားမည်ဟုလည်း ၎င်းကဆိုသည်။

ပါတီက ပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းများကို ကူညီဖြေရှင်းသွားရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် အခြေခံအုတ်မြစ် တည်ဆောက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါဝင်သည်။

ယင်းအပြင် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး၊ ပြည်တွင်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး စသည့် ကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဖြေရှင်းမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဇူလိုင်လာ၈ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကို ဇူလိုင်လ ၂၀ ရက်က စတင်၍ ၁၄ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags