ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရန် တိုင်းဒေသကြီးအစိုးရအား လွှတ်တော်က တိုက်တွန်း

ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရန် တိုင်းဒေသကြီးအစိုးရအား လွှတ်တော်က တိုက်တွန်း

မုံရွာ၊ အောက်တိုဘာ ၂၈ ။              ။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအား လွှတ်တော်ကော်မတီ သုံးရပ်မှ တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၂၆ ရက်နေ့က ကော်မတီ(၃)ခု၏ စည်းဝေးဆုံးဖြတ်ချက်အရ ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိအား နိုဝင်ဘာ ပထမပတ်အတွင်း သုံးသပ်သွားမည်ဖြစ် ကြောင်း သိရသည်။

"အောင်စိုးမိုးကျော် ၂ အမြန်ယာဉ် နစ်မြုပ်မှုနှင့်ပက်သက်ပြီးတော့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကို ဆန်းစစ်တဲ့ အစည်းအဝေးကို ၂၆ ရက်က ကျင်းပခဲ့ပါတယ်။ အစည်းဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်" ဟု ပို့ဆောင်ဆက်သွယ်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက ပြောသည်။

အဆိုပါ ညွှန်ကြားချက်တွင် အောက်တိုဘာ ၁၅ ရက်က ဖြစ်ခဲ့သော ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်၍ တရားခံ များအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က) နှင့် ၂၀၁၅ခုနှစ်ပြည်တွင်းရေကြောင်းသွား ဥပဒေအရ အရေးယူရန်၊ တာဝန်ရှိသူများကို တရားခံများနှင့်ပူးတွဲကာ ပုဒ်မ ၁၁၄ အရ တရားစွဲဆိုရန်၊ ကူညီဆောင်ရွက်ခဲ့သူများကို အသိအမှတ်ပြု ဂုဏ်ပြုရန်တို့ ပါဝင်သည်။

ထို့ပြင် ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ချင်းတွင်းမြစ်အတွင်း ရေယာဉ်များမှ ခရီးသည်များအား စည်းကမ်းမဲ့ တင်ဆောင်နေသည်ကို တွေ့ရှိရကြောင်းနှင့် အရေးယူတားမြစ်ပေးရန် လိုအပ်ကြောင်းလည်း ထည့်သွင်း  ဖော်ပြထားသည်။

အောက်တိုဘာ ၁၅ ရက်က အောင်စိုးမိုးကျော် ၂ အမြန် ရေယာဉ်နစ်မြုပ်မှုကြောင့် ခရီးသည် (၇၀)ကျော် အသက်သေဆုံးခဲ့ရပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလကလည်း အမြန်ရေယာဉ်တစ်စီး ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့ကာ ခရီးသည် ၄၀ ခန့် အသက်ဆုံးရှုံးခဲ့ရဖူးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly