ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများ ရှောင်ကြဉ်တော့မည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများ ရှောင်ကြဉ်တော့မည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

အောက်တိုဘာ ၂၈ ။                   ။ နောင်တွင် မိန့်ခွန်းပြောဆိုရာ၌ တစ်ဘက်လူကို ဆဲရေးတိုင်းထွာသည့် စကားအသုံးအနှုန်းများ မသုံးတော့ပါဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ကတိပြုပြောဆို သွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အလားတူ ၎င်း၏ ပြောကြားချက်အရ ၎င်းအား ကြမ်းတမ်းသည့် စကားအသုံးအနှုန်းများ ရှောင်ကြဉ်ရန် ဘုရားက သတိပေးခဲ့သည်ဟုလည်း သိရသည်။

" ကျွန်တော် လေယာဉ်နဲ့  ပြန်လာတော့ အပြင်ကောင်းကင်ထဲကို ငေးနေမိတယ်၊ အဲဒီမှာ ဘယ်ကလာမှန်းမသိတဲ့ အသံတစ်ခု ကြားရတယ်၊ စကားသံတွေ ကြားရတယ်၊ 'မင်းဒါတွေကို မရပ်သေးဘူးလား၊ မင်းမရပ်ဘူးဆိုရင် ဒီလေယာဉ်ကို အောက်ကို ချရလိမ့်မယ်လို့ အဲဒီအသံပိုင်ရှင်က ပြောတယ်၊ ဟုတ်ပြီ ဒါကို ဘယ်သူပြောနေတာလဲ၊ သေချာတယ်၊ ဒါဘုရားပဲဖြစ်ရမယ်လို့ ကျွန်တော်သိလိုက်တယ်၊   ကောင်းပါပြီဗျာ၊ ကျွန်တော်ကတိပေးပါတယ်၊ ကျွန်တော်နောက်ကို ကြမ်းတမ်းတဲ့စကားတွေ မပြောတော့ပါဘူး' လို့ ကျွန်တော်ကတိပေးလိုက်ပါတယ်" ဟု ဒူတာတေးက ပြောသည်။

သမ္မတဒူတာတေးက ဂျပန်နိုင်ငံသို့ သုံးရက်တာခရီးစဉ်မှ ပြန်ရောက်ပြီး သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားသွားခြင်းလည်း ဖြစ်သည်။

" ဘုရားကို ဒီကတိပေးတယ်ဆိုတာကလည်း ဖိလစ်ပိုင်ပြည်သူတွေကို ကတိပေးတာနဲ့အတူတူပါပဲ" ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။

သမ္မတဒူတာတေးမှာ ၎င်းအာဏာရလာပြီးနောက်ပိုင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများတွင် တစ်ဘက်သားကို ဆဲဆိုတိုင်းတွာသည့်အသုံးအနှုန်းများ တွင်တွင်ကျယ်ကျယ် သုံးလာခဲ့သူဖြစ်သည်။

၎င်းသည် အမေရိကန်သမ္မတ အိုဘားမား၊ အမေရိကန်သံအမတ် ဖိလစ်ဂိုးဘာ့ဂ်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ကိုလည်း စော်ကားသည့်အသုံးအနှုန်းဖြင့် တပ်ကာ ပြောဆိုခဲ့ဖူးသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly