ရန်ကုန်တိုင်းအတွင်းရှိ မြစ်ချောင်းများတွင် River Taxi များ ပြေးဆွဲရန် အစီအစဉ်ရှိနေ

ရန်ကုန်တိုင်းအတွင်းရှိ မြစ်ချောင်းများတွင် River Taxi များ ပြေးဆွဲရန် အစီအစဉ်ရှိနေ

ရန်ကုန်၊အောက်တိုဘာ ၂၈ ။             ။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ပုစွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းများတွင် River Taxi များ ပြေးဆွဲရန် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်မြစ်အတွင်း River Taxi များ ပြေးဆွဲရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို   ပြန်လည်   ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ဒီလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများအတွက် သွားရေးလာရေးမှာ ကုန်းလမ်းက သွားတာ ထက် ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်း ၊ အခကြေးငွေလည်း သက်သာတဲ့အပြင်ကို ဘတ်စ်ကားစီးရသလို လူပင်ပန်း စိတ်ပင်ပန်းမှု မရှိခြင်း အကျိုးတွေဖြစ်ထွန်းနိုင်ပါတယ်" ဟု ဒေါ်နီလာကျော်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ပြင်ပကျွမ်းကျင်ပညာရှင် များ ပူးပေါင်းကာ River Taxi ပြုလုပ်ရန် ဖြစ်မြောက်နိုင်ခြင်းရှိမရှိ လေ့လာခြင်းကို ၂၀၁၆ ခုနှစ် ဇွန်လကစတင်ပြီး လှိုင်မြစ် ၊ ရန်ကုန်မြစ် ၊ ငမိုးရိပ်ချောင်း ၊ ပုစွန်တောင်ချောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းများကို သြဂုတ်လအတွင်း လေ့လာခဲ့ရာ လှိုင်မြစ်၊ ရန်ကုန်မြစ် တစ်လျှောက်တွင် လှိုင်သာယာ - ပန်းဆိုးတန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၇ ခု ၊ ငမိုးရိပ်ချောင်းတစ်လျှောက်တွင် ဒဂုံမြောက် - ညောင်တန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခု ကို ရွေးချယ်ပြီးဖြစ်ကြောင်း ဒေါ်နီလာကျော်၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်များပြေးဆွဲရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီများကို တင် ဒါခေါ်ယူသွားမည်ဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းများထဲတွင် ရေယာဉ်များ၏ကြံ့ခိုင်မှု ၊ စိတ်ချရမှုများကို ထည့် သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly