၀က်စ်ဟမ်းအသင်း ပရိသတ်မပါဘဲ ကစားသင့်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ပြောကြား

၀က်စ်ဟမ်းအသင်း ပရိသတ်မပါဘဲ ကစားသင့်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ပြောကြား

အောက်တိုဘာ ၂၈၊ လန်ဒန် ။               .။ ချယ်လ်ဆီးအသင်းနှင့်ပွဲတွင် အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ခဲ့ပြီးနောက် လန်ဒန်မြို့ရဲတပ်ဖွဲ့က ဝက်စ်ဟမ်းအသင်းအနေဖြင့် ပရိသတ်မပါပဲ အိမ်ကွင်းကို တံခါးပိတ်ကစားသင့်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ဝက်စ်ဟမ်းပရိသတ်များမှာ ချယ်လ်ဆီးပရိသတ်များကို ပုလင်းများ၊ အကြွေစေ့များ၊ ထိုင်ခုံများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ဝက်စ်ဟမ်းအသင်း၏ အိုလံပစ်ကွင်းအသစ်တွင် ခိုက်ရန်ဖြစ်ပွားမှုမှာ ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိသွားပြီ ဖြစ်သည်။

‘ဝက်စ်ဟမ်းအသင်းမှာ ချို့ယွင်းချက်တွေ အားနည်းချက်တွေရှိနေတာ ရှင်းပါတယ်။ ဒါမျိုးခိုက်ရန်ဖြစ်ပွားမှုတွေ ထပ်ဖြစ်နေမယ်ဆိုရင်တော့ လာမယ့် အိမ်ကွင်းပွဲစဉ် နှစ်ပွဲ၊ သုံးပွဲလောက်ကို ပရိသတ်မပါပဲ ကစားသင့်ပါတယ်’ ဟု လန်ဒန်မြို့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်ဖီးက ပြောသည်။

ယခုပြဿနာဖြစ်ပွားပြီးနောက်တွင် ဝက်စ်ဟမ်းအသင်း၏ ဒုဥက္ကဋ္ဌ ကာရန်ဘရက်ဒီက အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူအားလုံးကို ပွဲကြည့်ခွင့်ပိတ်ပင်သွားမည်ဟု ပြောခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများကို စိစစ်လျက်ရှိရာ ယခုနောက်ဆုံး အယောက် ၂၀၀ နီးပါးစာရင်းရရှိပြီဟု ဝက်စ်ဟမ်းအသင်းက ဆိုသည်။

ကာရန်ဘရက်ဒီက ‘ဘောလုံးအားကစားက ဒီလိုလူမျိုးတွေကို မလိုအပ်ပါဘူး။ ကျွန်မတို့အသင်းရဲ့ တစ်ရာသီစာလက်မှတ်ကို ဝယ်ယူချင်လို့ စောင့်နေတဲ့ ပရိသတ်က ၅၅,၀၀၀ လောက်ရှိပါတယ်။ ကျွန်မ အတိအလင်းပြောလိုပါတယ်။ ဝက်စ်ဟမ်းအသင်းက အကြမ်းဖက်သမားတွေကို မလိုအပ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

အင်္ဂလန်ဘောလုံးလောကနှင့်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးကလည်း ယခုကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူရန် တိုက်တွန်းလျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly