မျက်လုံးလေးတွေ ကျန်းမာနေစေဖို့ နည်းလမ်းကောင်းများ

မျက်လုံးလေးတွေ ကျန်းမာနေစေဖို့ နည်းလမ်းကောင်းများ

ဒီနေ့ခေတ်ဟာ အိုင်တီခေတ်ဖြစ်လာတာနဲ့ အမျှ စာရင်းဖိုင်တွေ စာအုပ်တွေ ဘောပင်တွေနဲ့ပဲ အလုပ်လုပ်ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ခေတ် ဖြစ်နေပါပြီ။ ကွန်ပျူတာမျက်နှာပြင်နဲ့ ဖုန်းမျက်နှာပြင်ကြည့်ဖြစ်တဲ့ အချိန်က ပျမ်းမျှအားဖြင့် အနည်းဆုံး ၉နာရီလောက်ရှိတတ်ပါတယ်။ ဒီလို အချိန်ကြာမြင့်စွာ မျက်လုံးကို အနားမပေးပဲ အိုင်တီပစ္စည်းတွေကို ကြည့်ခြင်းဟာ မျက်လုံးကို ထိခိုက်စေပါတယ်။
ဒါတွေကို ကာကွယ်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မျက်လုံးအားကောင်းစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားပါ
ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် antioxidant တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစားမျိုးကို ရွေးချယ်စားသုံးပေးပါ။ အိုမီဂါသုံးနှင့် ဇင့်ဓာတ်ပါဝင်တဲ့အစားအစာတွေကိုလည်း ရွေးချယ်စားသုံးပေးပါ။
ဥပမာ မုန်လာဥနီ၊ လိမ္မော်သီး၊ သံပယိုသီးကဲ့သို့သော ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့ သစ်သီးများ၊ ဂေါ်ဖီထုပ်၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက်တွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ဥအမျိုးမျိုး၊ စပျစ်သီး၊ တူနာငါးတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

(၂) အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကိုသက်တောင့်သက်သာဖြစ်ပါစေ
အလုပ်လုပ်ရတဲ့နေရာက သက်တောင့်သက်သာမဖြစ်ခြင်းဟာလည်း မျက်စိကို ပိုပင်ပန်းစေပါတယ်။ ဒါကြောင့် ကွန်ပျူတာမော်နီတာကို မျက်လုံးနဲ့ လက်မ၂၀ကနေ ၂၆လက်မ အနည်းဆုံးခွာပြီး ကြည့်သင့်ပါတယ်။

(၃) မျက်မှန်တပ်ဆင်ပါ
နေကာမျက်မှန်တပ်ဆင်ခြင်းဟာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းနှင့် UVA နှင့် UVB တို့မှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကွန်ပျူတာအသုံးပြုတဲ့အခါမှာ မျက်လုံးစူးရှမှုကနေ မျက်လုံးကို ကာကွယ်ပေးဖို့အတွက်လည်း မျက်မှန်ကောင်းကောင်းကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။

(၄) အလင်းရောင်လုံလောက်စွာရရှိပါစေ
အလုပ်လုပ်တဲ့အခါမှာ အလင်းရောင်လုံလောက်စွာရရှိဖို့လည်းအရေးကြီးပါတယ်။ အလင်းရောင် အရမ်းမများသင့်သလို အလင်းလည်း အရမ်းမဖျော့သင့်ပါဘူး။ ဒါ့အပြင် ကွန်ပျူတာအလင်းအမှောင်ကို ညှိဖို့လည်း လိုအပ်ပါတယ်။ သင့်မျက်လုံးနဲ့ သင့်တင့်တဲ့ စာလုံးအရွယ်အစားမျိုးကိုလည်း ရွေးချယ်သင့်ပါတယ်။

(၅) ခဏတာ အနားယူပါ
ကွန်ပျူတာကို တောက်လျှောက်အသုံးပြုတာထက်စာရင် မိနစ်ပိုင်းလောက် ကွန်ပျူတာကို မကြည့်ဘဲ ခဏတာ အနားယူသင့်ပါတယ်။ မျက်လုံးကိုပိတ်ပြီး ၃မိနစ်ခန့် အနားယူပေးပါ။ ကွန်ပျူတာရှေ့မှာ မိနစ်ငါးဆယ် အသုံးပြုပြီးတာနဲ့ ၁၀မိနစ်ခန့် အနားယူပေးသင့်ပါတယ်။ မျက်လုံးတွေ အင်မတန် ညောင်းညာနေတယ်လို့ ခံစားရရင် မျက်ခွံပေါ်မှာ သခွားသီးစိပ်လေးတွေ ကပ်ပေးပါ။ (သခွားသီးလေးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးပါ)

(၆) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစေရုံသာမက အမြင်အာရုံကိုပါ အားနည်းစေပါတယ်။

(၇) လက်တွေကို သန့် ရှင်းနေပါစေ
ရောဂါပိုးမွှား မဝင်စေဖို့အတွက် လက်တွေကို အမြဲ ဆေးကြောသန့်စင်ပေးပါ။ မျက်ကပ်မှန်တပ်တဲ့ သူတွေအနေနဲ့ လက်တွေကို သန့်စင်အောင် ပိုထားဖို့ အရေးကြီးပါတယ်။

(၈) မျက်လုံးတွေကို အနွေးဓာတ်ပေးပါ
လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အနွေးဓာတ်ရယူပါ။ ထို့နောက် မျက်လုံးပေါ်မှာ ငါးစက္ကန့်ခန့်ထားပါ။ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။

(၉) မျက်လုံးလှည့်ပါ
လက်ယာရစ်အတိုင်း မျက်လုံးအိမ်ကို ဖြည်းဖြည်းချင်းလှည့်ပတ်ပေးပါ။ ဆယ်ကြိမ်ခန့် ပြုလုပ်ပေးပါ။ လက်ဝဲရစ်အတိုင်းလည်း ဆယ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

(၁၀) နားထင်လေးတွေကို နှိပ်နယ်ပေးပါ
လက်မရဲ့ လက်ဆစ်လေးတွေကို သုံးပြီးတော့ နားထင်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။

အထက်ပါနည်းလမ်းလေးတွေနဲ့ အဆင်ပြေပါစေနော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly