အီရတ်တပ်ဖွဲ့ဝင်များက အိုင်အက်စ်စစ်သွေးကြွ ၁၀၀ကျော်ကို သုတ်သင်

အီရတ်တပ်ဖွဲ့ဝင်များက အိုင်အက်စ်စစ်သွေးကြွ ၁၀၀ကျော်ကို သုတ်သင်

ဘဂ္ဂဒက်၊ ဇူလိုင် ၁၆ ။     ။ အိုင်အက်စ်ဆန့်ကျင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော Popular Mobilization ယူနစ်မှ တိုက်ခိုက်ရေးသမားများ ထောက်ကူမှုဖြင့် အီရတ်တပ်ဖွဲ့ဝင်များသည် အီရတ်အနောက်ပိုင်း အန်ဘာပြည်နယ်တွင် သီးခြား စစ်ဆင်ရေးများဖြင့် တက်က်ဖီရီ အိုင်အက်စ်အိုင်အယ်လ် အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ၎င်းအုပ်စုမှ စစ်သွေးကြွ ၁၀၀ကျော် သေဆုံးခဲ့သည်။

ဇူလိုင် ၁၅ ရက်က အီရတ်ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ မြို့တော်ဘဂ္ဂဒက်၏ အနောက်ဘက် ကီလိုမီတာ ၁၄၀(၈၅မိုင်) အကွာ ဟစ်မြို့နှင့် ဘဂ္ဂဒက်၏ အနောက်ဘက် ကီလိုမီတာ ၅၀၀ (မိုင်၃၁၀ခန့်) အကွာ အယ်လ်ကိမ်းမြို့တို့ရှိ အကြမ်းဖက်သမားများပုန်းအောင်းရာ နေရာများကို အီရတ်ဂျက်တိုက်လေယာဉ်များက တိတိကျကျ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ၇၆ဦးကျော် သေဆုံးခဲ့သည်။

မြို့တော်အတွင်းနှင့် အနီးတဝိုက် တိုက်ခိုက်မှုများလွယ်ကူစွာ ပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးသော အီရတ်ဖွားစစ်သွေးကြွ အဘူရက်ဇ်ဝန်အန်ဆာရီမှာ ဟစ်မြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားကြောင်းလည်း ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဘဂ္ဂဒက်၏ အနောက်ဘက် ကီလိုမီတာ ၁၁၀ (၆၈မိုင်) အကွာ အန်ဘာပြည် နယ်မြို့တော် ရာမာဒီ၏ အရှေ့ဘက် တာလ်မာဆွတ်ခရိုင်တွင် စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ၁၁ ဦးနှင့် နိုင်ငံခြားသား လက်ဖြောင့်တပ်သား သုံးဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

လျို့ဝှက်ထောင်ချောက်ဗုံးဆင်ထားသော အိမ် ၁၇လုံးကို ရှင်းလင်းခဲ့ပြီး ခဲယမ်းများစွာတင်ထားသော ယာဉ်သုံးစီးကိုလည်း ထိုးစစ်အပြီး ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် ဘဂ္ဂဒက်၏အနောက်ဘက် ကီလိုမီတာ ၅၀အကွာ ဆက်ကလာဝီယာမြို့နှင့် မြို့တော်အနောက်ဘက် ၈၃ကီလိုမီတာအကွာရှိ ခါလီဒီယာမြို့ကို ဆက်သွယ်ပေးသော မဟာဗျူဟာမြောက်တံတား တစ်စင်း ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထို့အပြင် အစိုးရလိုလားသော အပျော်တမ်းတပ်ဖွဲ့ဝင်များကလည်း အယ်လ်ကာမနှင့် ဖလူးဂျာမြို့ကြားရှိ အိုင်အက်စ်တို့ ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခဲ့သည်။ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိုင်အက်စ်တို့ထံမှ အန်ဘာပြည်နယ်ရှိ ခရိုင်သုံးခုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် အိုင်အက်စ် ၁၉ ဦးကိုလည်း သုတ်သင်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly