နိုင်ငံနဲ့လူထုအတွက်သာဖြစ်ချင်တယ်ဆိုတဲ့ ဒေါ်သန်းမြင့်အောင်

26 October 2016
နိုင်ငံနဲ့လူထုအတွက်သာဖြစ်ချင်တယ်ဆိုတဲ့ ဒေါ်သန်းမြင့်အောင်

ဘဝမှာ တစ်ခါမှ အစိုးရဝန်ထမ်း မလုပ်ခဲ့ဖူးတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ အခုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာဖို့အတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လို့နေပါပြီ။ သူ့အနေနဲ့ ရန်ကုန်မြို့တော်ကို သာယာလှပတဲ့ မြို့တော်ဖြစ်ဖို့ စည်းကမ်းရှိတဲ့ လူထုဖြစ်ဖို့ စွန့်ပစ်အမှိုက်တွေကို အကျိုးရှိအောင်လုပ်ဖို့ အပါအဝင် နိုင်ငံနဲ့ လူထုအတွက် တိုင်းပြည်က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေသလို တစ်ဖက်မှာလည်း ပရဟိတ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အခုလက်ရှိ တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဒေါ်သန်းမြင့်အောင်ကို ကြည့်လိုက်ရအောင်ပါရှင်။

ဒေါ်သန်းမြင့်အောင်ဟာဆိုရင် အမျိုးသားစာပေဆု၊ စံပြ ပရဟိတဆု၊ ပြည်သူ့ဂုဏ်ရည်ဆု အစရှိတဲ့ ဂုဏ်ပြုဆုတွေကို ရရှိထားတဲ့ စာရေးဆရာမတစ်ယောက်အဖြစ် စာပေတွေကို ရေးသားဟောပြေရင်း တစ်ဖက်မှာလည်း လူမှုရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်နေသူတစ်ယောက်အဖြစ် သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် သူမကို အစိုးရဝန်ထမ်းတစ်ယောက်အဖြစ် အထူးသဖြင့် ရန်ကုန်မြို့တော်ဝန်ရဲ့ ကော်မတီဝင် ဝန်ကြီးတစ်ယောက်အဖြစ် တွေ့မြင်ရဖို့တော့ သူမရဲ့ စာဖတ်ပရိတ်သတ်တွေကလည်း မမျှော်လင့်ခဲ့ကြဖူးသလို သူမကိုယ်တိုင်ကလည်း တစ်ခါမှ တွေးမထားခဲ့ဖူးတာ သေချာပါတယ်။

သူမဘာလို့ ဒီတာဝန်ကို ယူခဲ့တာလဲ သူမ ပြောပြချက်ကို ကြည့်ရအောင်ပါ။

“ကျွန်မ ဒီ မြို့တော် စည်ပင်သာယာ ကော်မတီမှာ ကော်မတီဝင်တစ်ယောက်အနေနဲ့ အစိုးရဌာန လက်အောင်မှာ ဒီလို တာဝန်ထမ်းဆောင်ရဖို့က ကျွန်မ တစ်သက်လုံး တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတစ်သက်မှာ ဝန်ထမ်းလည်း တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဝန်ထမ်းတစ်ယောက် လုပ်ခဲ့ဖူးရင်တောင်မှ အသက် ၆၀ ဆို ပင်စင်ယူရတော့မှာလေ။ ကျွန်မက အခု ၆၃ နှစ်ကျမှ နိုင်ငံတော်က တာဝန်ပေးခြင်း ခံရတော့ မမျှော်လင့်ဘဲ လုပ်ရတဲ့ အလုပ်ပေါ့နော်။ ဆိုတော့ ကျွန်မ ဒါကို တစ်ခါမှ စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမယ့် လိုအပ်ချက်အရ ကျွန်မ ဒီနေရာမှာ ဒီအလုပ်တွေကို လုပ်ပေးပါလို့ အစိုးရသစ်ကနေ တာဝန်ချထားတဲ့အခါကျတော့ အဲဒါကို ကျွန်မ ဘယ်လိုပြောမလဲဆိုတော့ နိုင်ငံ့ အပြောင်းအလဲကို လိုချင်ရင် ဘေးကနေထိုင်ပြီးတော့ ပြောနရုံနဲ့ မရဘူး။ အပြောင်းအလဲကို လိုချင်ရင် ကိုယ်ကိုယ်တိုင်လည်း ပါဝင်ပြီးတော့ ဆောင်ရွက်နိုင်ရမယ် ဆိုတာကို ကျွန်မတို့က စာပေဟောပြောပွဲတွေမှာ အမြဲပြောလာတယ်။ အခုတော့ ကိုယ့်စကားနဲ့ကိုယ် မိနေတာပေါ့”

အခုဆိုရင် ၂၀၀၇ ခုနှစ်ကတည်းက မြို့တော်စည်ပင်သာယာရဲ့ လက်အောက်ကို ရောက်ရှိခဲ့တဲ့ စက်မှုလက်မှု သိပ္ပံကျောင်း၊ GTI ကိုလည်း ပညာရေးဌာန လက်အောက်ကို ပြန်လည် လွှဲပြောင်းပေးနိုင်အောင် သူမအနေနဲ့ ကြိုးစား စွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။

“ကျွန်မတို့မြန်မာနိုင်ငံရဲ့ သမိုင်းဝင် GTI ကျောင်း၊ စက်မှုလက်မှု သိပ္ပံကျောင်း၊ GTI ကျောင်းက ၂၀၀၇ ခုနှစ်ကတည်းက ပညာရေးဌာနကနေပြီးတော့ စည်ပင်သာယာရဲ့ လက်အောက်ကို ရောက်လာတယ်။ ဒီ စည်ပင်သာယာရဲ့ လက်အောက်မှာရှိတဲ့ ပညာရေး စက်မှုလက်မှု သိပ္ပံကျောင်းကြီးကို ပညာရေးဌာနကို ပြန်ပြီးတော့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့တယ်။ အဲဒါကလည်းပဲ ဒါ အစိုးရသစ်ရဲ့ သမိုင်းတစ်ခုပဲလေ။” လို့ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်ထဲက အောင်မြင်မှု တစ်ခုကို သူမက ပြောပြနေတာပါ။

ဒီလိုအလုပ်တွေ လုပ်နိုင်အောင် သူမကိုယ်တိုင်ကရော ဘာတွေ ကြိုးစားလေ့လာခဲ့ရတယ်လို့ ထင်ပါသလဲ။

“ကျွန်မက ဒီ စည်ပင်သာယာ ကော်မတီဝင်မဖြစ်ခင် ပရဟိတ သမားဘဝမှာကတည်းကပါ ကျွန်မမှာ အောင် ဖောင်ဒေးရှင်း လူမှုဝန်းကျင်နှင့် ပရဟိတ သင်တန်းကျောင်းဆိုတာ ရှိပါတယ်။ အဲဒီမှာတင် ကျွန်မက ကျွန်မရဲ့ အဖွဲ့အစည်းတွေကို စနစ်တကျနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ပြီးတော့ ပရဟိတ လုပ်ချင်တဲ့ လူငယ်တွေအတွက် ထားရမယ့် စိတ်ဓာတ်၊ ပြီးတော့ စည်းကမ်း၊ စေတနာပေါ့။ ပညာရေးနဲ့ပတ်သက်ရင် ကျွန်မတို့ ဘာတွေ စနစ်တကျလုပ်မယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ကျွန်မတို့ ဘာတွေ စနစ်တကျလုပ်မယ်၊ အစားအစာနဲ့ လူသုံးကုန် အန္တရာယ်များမှ ဘေးကင်းလုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ရင် ကျွန်မတို့ ဘယ်လိုတွေ ပြည်သူလူထုအတွက် အကျိုးရှိအောင် လုပ်မယ် စားသုံးသူကာကွယ်ရေးတို့၊ စားသုံးသူ အခွင့်အရေးတို့ ငွေစုငွေချေးတို့ စသဖြင့်ပေါ့ အဲဒါတွေလည်း ကျွန်မတို့ လေ့လာထားပါတယ်။ လေ့လာထားပြီး ပရဟိတ သမားဘဝထဲက ကျွန်မ ဒါတွေကို ကျွန်မ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ ကျွန်မ သင်နေပါတယ်။ ကျွန်မသင်တန်းကျောင်းလည်း ရှိပါတယ်။ အခု မြို့တော်စည်ပင်ကော်မတီကို ရောက်ပြီးတော့မှ ကျွန်မ သြစတေးလျနိုင်ငံကို ကျွန်မ ရောက်ပါတယ်။ ရောက်တဲ့အခါမှာလည်း ကျွန်မ အဲဒီက မြို့တော်ဝန်တွေနဲ့ တွေ့ပါတယ်။ ပြီးတဲ့အခါမှာ သူတို့ အမှိုက်တွေကို ဘယ်လို စနစ်တကျ စွန့်ပစ်သလဲ ဒီအမှိုက်တွေကနေ သူတို့ ဘာတွေထုတ်ယူသလဲ အမှိုက်ကနေပြီးတော့ Energy တွေ ထုတ်တာ သဘာဝမြေသြဇာတွေထုတ်တာ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ လေ့လာခဲ့ပါတယ်။”

အမှန်တော့ ရန်ကုန်မြို့တော်ကြီး စည်ပင်သာယာအောင် ဆောင်ရွက်ရာမှာ မြို့တော်နေ ပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အထူး အရေးပါတယ်လို့ ပြောပါတယ်။

“ကျွန်မတို့ရဲ့ ရန်ကုန်မြို့ဟာ တကယ်တော့ မမှိုက်ထဲမှာ တိုက်တယ်တွေ ခေတ်မှီတဲ့ အဆောက်အဦးတွေ ရှိနေတဲ့ မြို့ကြီးတစ်မြို့ပေါ့နော်။ တကယ်တမ်းသာ ကြည့်ရင် အမှိုက်ပုံထဲမှာ နေနေရသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် မြို့တော် စည်ပင်သာယာကေ်ာမတီအနေနဲ့ လမ်းမတွေပေါ် အမှိုက်တွေလှည်းသွားမယ်၊ ပြီးတဲ့အခါကျတော့ သစ်ပင်တွေကို လှီးသွား ကိုက်သွားမယ်။ ပန်းဥယျဉ်တွေကို ကျွန်မတို့ စောင့်ရှောက်ကြမယ်။ ပြုပြင်ကြမယ်။ ဒီလို ကိုယ့်အိမ်ရဲ့ နောက်ဖေးမှာရှိတဲ့ လမ်းကြားကတော့ နေတဲ့ ပြည်သူလူထုက အများဆုံး ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ဖို့ လိုပါတယ်လို့ ကျွန်မ ထင်ပါတယ်။ စည်ပင်သာယာမှာ တာဝန်မရှိဘူးလို့ဆိုပြီး တာဝန်မဲ့တဲ့စကား ကျွန်မ ပြောတာမဟုတ်ပါဘူး။ စည်ပင်သာယာအနေနဲ့လည်း အစိုးရဌာန တစ်ခုအနေနဲ့ တာဝန်ရှိသလောက် ရှိသလို ကိုယ်တိုင်နေကြတဲ့ ပြည်သူလူထုအနေနဲ့လည်း အများကြီး တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကဆိုးကျိုးကို ပြည်သူတွေပဲ တိုက်ရိုက် ခံစားရမှာပါ။ အဲတော့ ကျွန်မတို့ အခုဆိုလို့ရှိရင် နောက်ဖေးလမ်းကြားတွေ လိုက်ရှင်းတုန်းကဆိုရင် တော်တော်ကို ကြောက်စရာကောင်းပါတယ်။ နောက်ဖေးလမ်းကြားတွေမှာ ရှုပ်ပွနေပြီးတော့ အဲဒီကြားထဲမှာ ညစ်ပတ်ပြီးတော့ အရိ အရွဲတွေနဲ့ပေါ့။ အဲဒီဟာတွေက တိုက်အောက်ကို အမှိုက်ထုတ်အဖြစ် ပစ်ချလိုက်ပေမယ့် တိုက်အပေါ်ကို ကြွက်အဖြစ် တက်လာတယ်။ ခြင်အဖြစ် တက်လာတယ်။ ယင်ကောင်အဖြစ် တက်လာတယ်။ အဲဒီအခါကျတော့ ကျွန်မတို့ ပြည်သူလူထုပဲ ကျွန်မတို့ ကလေးသူငယ်တွေပဲ သက်ကြီးရွယ်အိုတွေပဲ ရောဂါဝေဒနာတွေကို ခံစားရတယ်။ ဒါပေမယ့် တချို့ကတော့ သတိမပြုမိကြဘူးပေါ့။ အဲတော့ တချို့တွေကတော့ ကျွန်မတို့ ပြောတယ်ဆိုတယ် လုပ်တယ်ကိုင်တဲ့အခါမှာ ပူးပေါင်းပါဝင်မှု ရှိပြီးတော့ တချိုကတွေကကျတော့ နဲနဲ စိတ်မဝင်စားတာ ရှိတာပေါ့။ ကိုယ်နဲ့မဆိုင်သလို ဖြစ်တာတွေလည်း အများကြီးရှိပါတယ်။”

လက်ရှိအခြေအနေတွေအရ ရေရှည် ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေါ်သန်းမြင့်အောင်ရဲ့ မျှော်လင့်ချက်တွေကတော့ အကောင်းဆုံးကိုသာ မျှော်လင့်ထားပုံပါပဲ။

“တချို့ကိစ္စတွေက ရေတိုလုပ်လို့ရပေမယ့် တချို့ကိစ္စတွေက ရေရှည်လုပ်မှ ဖြစ်မယ့်အရာတွေ ရှိတယ်လေ။ ကျွန်မတို့ နောက်ဖေးလမ်းကြားက အမှိုက်ရှင်းတာက ရက် ၂၀ လောက်ဆိုရင် တစ်မြို့နယ် ပြီးသွားနိုင်တယ်။ တချိုကကိစ္စတွေမှာကြတော့ ရေရှည်လုပ်ရမှာတွေရှိတယ်။ အဲဒါက ဘာတွေလည်း ဥပမာ ကျူးကျော်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ နောက်တစ်ခါ ရေစီးရေလာတွေကောင်းဖို့ နောက် ကျွန်မတို့ လမ်းဘေးဈေးသည်ကိစ္စတွေ ဒါတွေကလည်းပဲ ချက်ခြင်းလက်ငင်း မဖြစ်ရင်တောင်မှ လအပိုင်းအခြား သို့မဟုတ် နှစ်အပိုင်းအခြားပေ့ါ သေချာတာကတော့ ဒီအစိုးရသက်တမ်း ငါးနှစ်မှာတော့ တော်တော်များများ ဖြစ်စေချင်တဲ့ ရည်မှန်းချက် တော်တော်များများ ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ ရာနှုန်းပြည့်နီးပါး ဖြစ်ဖို့တော့ ကြိုးစားနေကြတာပါပဲ။ ကျွန်မတို့အနေနဲ့က အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးနဲ့ အမျိုးစားဟာ ခွန်အားဗလသာ ကွာခြားကောင်း ကွာခြားလိမ့်မယ် စိတ်ဓာတ်နဲ့ အရည်အချင်းနဲ့ လုပ်နိုင်ကိုင်နိုင်အားကတော့ လူတိုင်း ကိုယ်စီရှိကြပါတယ်။ အဲတော့ အမျိုးသမီးလည်း အမျိုးသမီးအလျောက်တော့ စွမ်းနိုင်တာတွေ အကုန်လုပ်ပေးရမှာပဲ အမျိုးသားလည်း အမျိုးသားအလျောက်တော့ စွမ်းနိုင်တာတွေ အကုန်လုပ်ပေးရမှာပဲ ကျွန်မတို့အနေနဲ့ကျတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၀ ကျော်နေသည့်တိုင်အောင် ဒီလောက် တက်တက်ကြွကြွ လုပ်နေတဲ့အခါကျတော့ ကျွန်မတို့တွေ မညည်းညူကြပါဘူး။ ဒါကိုကြည့်ပြီး ကျွန်မတို့ အားသွင်းရပါတယ်။ အားထည့်ရပါတယ်။ ကျွန်မတို့ ပေးတဲ့တာဝန်ကို ကျေပွန်အောင် ကျွန်မတို့ လုပ်နိုင်အောင် ကြိုးစားကြပါတယ်။ တိုင်းပြည်မှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုဟာ ကျွန်မတို့အတွက် မဟုတ်ဘဲနဲ့ ကျွန်မတို့ဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုအတွက်ပဲ ဖြစ်အောင် ကျွန်မတို့ ကြိုးစားနေကြတာပါ။”

တိုင်းပြည်ရဲ့ အရေးကြီးကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင်ရင်း တစ်ဖက်ကလည်း သူမရဲ့ အားလက်ချိန်တွေ အားလပ်ရက်တွေမှာ လူမှုရေးလုပ်ငန်းတွေကိုလည်း ဆက်လက် ကြိုးစားလုပ်ကိုင်နေတဲ့ သူမလို အမျိုးသမီးတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေအတိုင်း အမြန်ဆုံး အကောင်အထည် ပေါ်လာပါ့မလားဆိုတာကလည်း ကျွန်မတို့ တိုင်းသူပြည်သားတွေအပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကနေပဲတဆင့် ကျွန်မတို့အားလုံး ဝိုင်းဝန်း ကြိုးစားကြရင်းနဲ့ ကျွန်မတို့ အတူတူ မျှော်လင့်ကြအောင်လို့ ပြောကြားရင် အစီအစဉ်လေးကို အဆုံးသတ်လိုက်ပါရစေရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags