မောင်တော၌ နယ်မြေရှင်းလင်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း စွပ်စွဲမှုကို အစိုးရငြင်းဆို

မောင်တော၌ နယ်မြေရှင်းလင်းရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း စွပ်စွဲမှုကို အစိုးရငြင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။                 ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌  နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုအပေါ် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆန်ခဲ့သည်။

"တည်ဆဲဥပဒေနဲ့အညီ ထိထိရောက်ရောက်ကိုင်တွယ်မှုဖြစ်တယ်။ ဒီပဋိပက္ခအပေါ်မှာ လူ့အခွင့်အရေး ရှုထောင့်က ဖိ အားပေးမှုတွေရှိတယ်။ မဟုတ်မမှန်သတင်းဖြန့်ချိမှုတွေ ရှိတယ်ဆိုတာသိတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့က အထူးအလေးထားပြီး ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်တယ်" ဟု ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ထုတ်လွှင့်နေသည့် သတင်းမှားဖြန့်ချိမှုများသည် ခိုင်ခိုင်မာမာရှိနေပြီး  မီးရှို့ခြင်း၊ ရွာထဲမှ လူများကို မောင်းထုတ်ခြင်းစသည့် စွပ်စွဲပြောဆိုမှုများသည် လက်ရှိမြေပြင်အခြေအနေနှင့် လွဲမှားနေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မူဆလင် ၁၅၀၀၀ ဦးရေနှင့် အထက်မှာ နေရပ်စွန့်ခွာနေကြရပြီး ၎င်းတို့မှာ အကူအညီထောက်ပံ့မှုများ မရရှိသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ၏ သတင်းထုတ်ပြန်ချက်များက ဆိုသည်။

ယင်းသို့ သတင်းထုတ်ပြန်မှုများ ရှိနေသော်လည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက "မဟုတ်ဘူးဗျ။ အဲ့ဒါက နှစ်ဘက်လုံးပဲ။ ရခိုင်တိုင်းရင်းသားတွေ သူတို့နေရပ်တွေမှာ ပြန်နေဖို့ ကျွန်တော်တို့က တိုက်တွန်းနေတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီ အသိုင်းအဝိုင်းကို သူတို့နေရာပြန်နေဖို့ တိုက်တွန်းရတယ်"ဟု ပြောသည်။

မောင်တောဒေသ၌ အစိုးရအဓိကထား လုပ်ဆောင်နေသည့် လုပ်ငန်းများသည် အလုယက်ခံရသည့် လက်နက်များ ပြန်လည်ရရှိရေးနှင့် အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရမိရေးသာ အဓိကဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မောင်တော စီးနင်းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မရှင်၏ အကြံပြု စာကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly