အိမ်ထောင်ရေး ရေရှည်တည်မြဲသွားစေဖို့ နည်းလမ်းကောင်းများ

အိမ်ထောင်ရေး ရေရှည်တည်မြဲသွားစေဖို့ နည်းလမ်းကောင်းများ

မကြာခင်မှာ တူနှစ်ကိုယ်ယှဉ်တွဲ ဘဝသစ်ထူထောင်ကြတော့မယ့် မင်္ဂလာမောင်မယ်တို့အတွက် အိမ်ထောင်ရေးကို ရေရှည်လက်တွဲသွားနိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။ အိမ်ထောင်ပြုတယ်ဆိုကတည်းက ချစ်လို့ ယူကြတာများပါတယ်။ သို့သော်ငြား အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ အချစ်တွေက လျော့နည်းလာပြီး နောက်ဆုံး ကွဲကြကွာကြတဲ့အဆင့်ထိ   ရောက်သွားတတ်ကြလေ့ရှိကြပါတယ်။ ဒီလိုတွေ မဖြစ်စေဖို့ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အချစ်တွေ အမြဲပူနွေးလတ်ဆတ်နေပါစေ

လက်ထပ်ပြီးတဲ့နောက်မှာလည်း ချစ်သူဘဝတုန်းကလို အကြင်နာအယုအယတွေ ပေးဖို့ မမေ့လျော့ပါနဲ့ ။ ချစ်သူဘဝတုန်းကလို လက်ကိုင်တာမျိုး၊ ပခုံးဖက်သွားတာမျိုး၊ အကြင်နာပေးတာမျိုးလေးတွေလည်း နေ့စဉ်ရှိဖို့ လိုအပ်ပါတယ်။

 

(၂) အတင်းညှိမယူပါနဲ့

ရုပ်ချင်းခွဲမရအောင်တူတဲ့ အမြွှာတွေတောင်မှ တစ်ခါတစ်လေ စိတ်သဘောထားချင်း မတိုက်ဆိုင်ဖြစ်ကြသေးတာပဲလေ။ တစ်မိဘဆီကနေ မွေးဖွားလာတဲ့ နှစ်ယောက်က
အမြဲ တစ်စိတ်တည်းဖြစ်နေဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် အတင်းညှိယူတာထက် မတူညီမှုတွေကို နားလည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။

 

(၃) လက်ဆောင်ပေးဖို့ မမေ့ပါနဲ့

ဈေးကြီးမှ လက်ဆောင်လို့ ခေါ်တာမဟုတ်ပါဘူးနော်။ ခင်ပွန်း ရုံးမသွားခင် အနမ်းလေးတစ်ပွင့်ပေးတာမျိုး၊ ခင်ပွန်းဖြစ်သူက အပြင်ကနေ ပြန်လာတဲ့အခါ
ဇနီးကြိုက်တတ်တဲ့ မုန့်လေးဝယ်လာတာမျိုးလေးတွေက ချစ်ခြင်းတရားတွေကို ပိုမိုရှည်တံ့စေမှာပါ။

 

(၄) ရိုးသားပွင့်လင်းမှုရှိပါစေ

အိမ်ထောင်သက် ဘယ်လောက်ပဲကြာကြာ တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းမှုရှိနေဖို့ အရေးကြီးပါတယ်။ ဘယ်လို အခက်အခဲတွေပဲဖြစ်ဖြစ်၊ ဘယ်လိုရှုံးနိမ့်မှုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ရိုးသားစွာ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

 

(၅) အချိန်ပေးပါ

မိသားစုအတွက် ငွေရှာရလို့ ဘယ်လောက်ပဲအလုပ်တွေများများ မိသားစုအတွက် သီးသန့်အချိန်လေးတော့ ပေးသင့်ပါတယ်။ ငွေဟာ အရာအားလုံးနီးပါးကို ဖန်တီးပေးနိုင်ပေမယ့် မိသားစုပျော်ရွှင်မှုကိုတော့ မိသားစုတွေ လူစုံညီညီဖန်တီးယူမှပဲ ရနိုင်မှာပါ။

(၆) သံယောဇဉ်ကြိုးလေးတွေနှောင်ပတ်ပါ
 
အချစ်ဟာ နှစ်နှစ်ခွဲခန့်လောက်ပဲ သက်တမ်းရှိတယ်လို့ ပြောကြပါတယ်။ ဒါ့ကြောင့် အချစ်တွေ အမြဲတည်မြဲနေစေမယ့် သားသားမီးမီး သံယောဇဉ်ကြိုးလေးတွေ နှောင်ပတ်ထားဖို့ လိုအပ်ပါတယ်။
အရေးကြီးဆုံးက ဘဝတစ်ခု မစတင်ခင်မှာ အရင် ပြည့်စုံအောင် ဖြည့်စွက်ထားဖို့ပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly