အိန္ဒိယသူလျို ဒရုန်းလေယာဉ်ကို ပစ်ချလိုက်ဟု ပါကစ္စတန်ပြော အိန္ဒိယဘက် ကငြင်းဆို

အိန္ဒိယသူလျို ဒရုန်းလေယာဉ်ကို ပစ်ချလိုက်ဟု ပါကစ္စတန်ပြော အိန္ဒိယဘက် ကငြင်းဆို

နယူးဒေလီ/အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၆ ။      ။ အိန္ဒိယသူလျိုဒရုန်းလေယာဉ်တစ်စင်းကို ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဘက်ရှိ စစ်ရေးထိန်းချုပ်မျဉ်းတစ်လျှောက်တွင် ပစ်ချလိုက်သည်ဟု ပါကစ္စတန်က ဇူလိုင်၁၅တွင် ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားမှုကို အိန္ဒိယဘက်က ငြင်းဆိုလိုက်ပြီး ယင်းကဲ့သို့ဒရုန်းမျိုး ပျက်ကျခြင်း သို့မဟုတ် ပစ်ချခံရခြင်းမရှိဟု ဆိုသည်။

အဆိုပါဒရုန်းတွင် ကင်မရာတစ်ခု တပ်ဆင်ထားပြီး ဓါတ်ပုံများရိုက်ယူနေခဲ့သည်ဟု ပါကစ္စတန်စစ်ဘက်မီဒီယာဋ္ဌာနဖြစ်သော Inter-Services Public Relations ၏ပြောကြားချက်ကို ကိုးကား၍ ပါကစ္စတန်၏ Dunya News သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ယင်းဒရုန်းကို စစ်ရေးထိန်းချုပ်မျဉ်းပေါ် ဘဟင်ဘဟာအပိုင်းတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ယင်းဋ္ဌာန ကပြောကြားခဲ့သည်။

"ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်မှာ ဒရုန်းလေယာဉ်တစ်စင်းပျက်ကျတယ်ဆိုတဲ့ သတင်းအချို့ကို ကိုးကားနေကြ ပါတယ်။ ဒါပေမဲ့ အိန္ဒိယစစ်တပ်ရဲ့ ဘယ်ဒရုန်းမှ ဒီလိုမျိုးဖြစ်တာမရှိပါဘူး"ဟု အိန္ဒိယစစ်တပ်ပြောခွင့် ရပုဂ္ဂိုလ်တစ်ဦး ကပြော ကြားခဲ့သည်။

အိန္ဒိယလေတပ်မှ အရာရှိတစ်ဦးကလည်း ပါကစ္စတန်၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ ပါကစ္စတန်ဘက်သို့ဒရုန်းပျံသန်းမှုကို ဆန့်ကျင်ကြောင်းပြောကြားပြီးနောက် ပါကစ္စတန်ဆိုင်ရာအိန္ဒိယသံအမတ်ကြီးကို ဆင့်ခေါ်ရန် ပါကစ္စတန်က ဆုံးဖြတ်ထားသည် ဟု Dunya News ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly