ဒေါ်အောင်ဆန်းစုကြည် သွားကျန်းမာရေး စစ်ဆေးမှုခံယူ

ဒေါ်အောင်ဆန်းစုကြည် သွားကျန်းမာရေး စစ်ဆေးမှုခံယူ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်သွားနှင့်ခံတွင်းဆိုင်ရာအထူးကုဌာနတွင် အောက်တိုဘာ ၂၅ရက်၊ ညနေ ၄နာရီက သွားကျန်းမာရေးနှင့်ပတ်သက်ပြီး စစ်ဆေးမှုခံယူခဲ့သည်။

“သွားနည်းနည်းနာလို့ လာပြတာပါ။ ဒီအတိုင်း Check-up ပါ။ X-Ray မှာတော့ ပုံမှန်လေး နည်းနည်းနာတာပါပဲ။ အရမ်းအကြီးအကျယ်ကြီးတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့သောက်ဆေးလေးတော့ ပေးလိုက်တယ်” ဟု စစ်ဆေးမှုအပြီးတွင် နေပြည်တော်ကုတင်၁၀၀၀ဆံ့ဆေးရုံကြီးမှ ဒေါက်တာအေးအေးမော်က ပြောသည်။

“စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး” ဟုလည်း ဒေါက်တာအေးအေးမော်က ဆိုသည်။  

နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာလ ၂ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

ပုဂ္ဂိုလ်ရေးကိစ္စများတွင် နိုင်ငံပိုင်အဆောင်အယောင်ပစ္စည်း သုံးလေ့မရှိသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ သွားကျန်းမာရေး လာရောက်စစ်ဆေးစဉ်တွင်လည်း ကိုယ်ပိုင်ယာဉ်အမှတ် 5G-1515 ဖြင့်သာ လာရောက်သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly