မောင်တော စီးနင်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း

မောင်တော စီးနင်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း

စစ်တွေ၊ အောက်တိုဘာ ၂၅ ။             ။ မောင်တော စီးနင်းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပါတီစုံမှ ရွေးကောက်ခံ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် အကြံပေးအဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မရှင်သည် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ကာ မောင်တောခရိုင်ရှိ မြို့နယ်များနှင့် ကျေးရွာများ သို့ ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်မည်ဖြစ်ကာ တွေ့ရှိချက်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပြည်နယ် လွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။

“ လောလောဆယ် လွှတ်တော်တွင်းက ကောက်ခံရရှိတဲ့အလှူငွေ ကျပ်သိန်း ၅၀ ခန့်ကို ကျနော်တို့ နေရပ်စွန့်ခွာ သူတွေ  ကို လှူဒါန်းနေပါတယ်။” ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

 စီးနင်းခံရမှုများကြောင့် မောင်တောဒေသမှ နေရပ်စွန့်ခွာသူ ရခိုင်တိုင်းရင်းသား ၃၀၀၀ နှင့် အထက်ရှိနေပြီး စစ်တွေ၊ ဘူးသီးတောင်မြို့နယ်များတွင် ခိုလှုံလျက်ရှိကာ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်း များက  ကူညီထောက်ပံ့မှုများ ပြုလုပ်  လျက်ရှိသည်။

အောက်တိုဘာ ၂၄ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ UN မှ သတင်းထုတ်ပြန်ချက် အရ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မူဆလင် ၁၅၀၀၀ ဦးရေနှင့်အထက်မှာ နေရပ်စွန့်ခွာနေကြရပြီး ၎င်းတို့မှာ အကူအညီထောက်ပံ့မှုများ မရရှိ သေးကြောင်း သိရသည်။

“ ဒီနေ့ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တိုင်းရင်းသားတွေရဲ့ အခြေအနေကတော့ ပြောမယ်ဆိုရင် အများကြီးပါ။ မလွတ် မကင်းတာတွေရော အားလုံးပါတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့  ကောမရှင်ကတော့ ဘာတွေ လုပ်မယ်ဆိုတာကို ကျွန်တော်က အဖွဲ့ခေါင်းဆောင်မဟုတ်ဘူး ဆိုတော့ မသိရဘူး ။ အကြမ်းအားဖြင့်တော့ အဖွဲ့က လေ့လာမယ်။ အဲဒီက   တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ဘာတွေလုပ်ရမလဲ။ လွှတ်တော်အနေနဲ့ ဘာပြောသင့်လဲ။ ဒါတွေပေါ့။ ဒီကိစ္စက စစ်တပ်ရော လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော ဒါကိုအမျိုးသားရေးကိစ္စ တစ်ရပ်အနေနဲ့ အားလုံးပူးပေါင်း   ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ကော်မရှင်အနေဖြင့်  စီးနင်းခံရမှု နောက်ခံအကြောင်းအရင်း၊ မြို့ရွာဖွဲ့စည်းမှု အနေအထားများနှင့် မူဆလင်များ နေထိုင်ရာ ကျေးရွာများတွင် အချူပ်အခြာအာဏာ သက်ရောက်နိုင်စေရန်   ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်အဖြေ ရှာသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly