ရန်ကုန်တိုင်းအတွင်းရှိ အကြွေစေ့ဂိမ်းများကို အရေးယူသွားမည်

ရန်ကုန်တိုင်းအတွင်းရှိ အကြွေစေ့ဂိမ်းများကို အရေးယူသွားမည်

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ။                  ။ ရန်ကုန်မြို့အတွင်းရှိ လောင်းကစားဝိုင်းအသွင်ဆောင်နေသည့် အကြွေစေ့ဂိမ်းဆိုင်များကို ဖမ်းဆီးအရေး ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားလိုက်သည်။

" ဂိမ်းဆိုင်များဟာ ကလေးများစိတ်အပန်းဖြေရာအတွက် ခွင့်ပြုထားပေမယ့် ၂၀၁၃ ခုနှစ်မှာ ကျော်လွန်ပြီးတော့ လောင်း ကစားသဘောမျိုးတွေပြုလုပ်လာခဲ့တာ   တွေ့ရှိရပါတယ်။   လောင်းကစား အက်ဥပဒေနဲ့ ဖောက်ဖျက်လာတဲ့ ဂိမ်းစက်များ ကို ၂၀၁၃က စပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ပါတယ် " ဟု နယ်လုံဝန်ကြီးက ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် သင်္ကန်းကျွန်း မြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်နှင့် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းတို့က ရန်ကုန်တိုင်း အ တွင်းဖွင့်လှစ်ထားသောအကြွေစေ့ဂိမ်းဆိုင်များကို ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဖယ်ရှားပေးရန် အစီအစဉ် ရှိ ၊ မရှိ မေးမြန်းမှုကို နယ်လုံဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဥပဒေနှင့် မညီဘဲဖွင့်လှစ်ထားသည့် အကြွေစေ့ ဂိမ်းဆိုင်များကို ဖမ်းဆီးရန် ရန်ကုန်မြို့ ခရိုင်လေးခုရှိ ရဲတပ်ဖွဲ့မှူးများ ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများကို ခေါ်ယူညွှန်ကြားထားကြောင်း၊ ကလေးများကစားသည့် ဆိုင်များတွင် အကြွေစေ့ဖြင့် လောင်း ကစားမှုပြုလုပ်ပါက တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။

"မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သတင်းပို့လိုက်ပါ။ မဖမ်းဘူးဆိုရင် ကျွန်တော်ဆီကို လှမ်းပြောပါ။ ကျွန်တော် ချက်ချင်းဖမ်းခိုင်းပါ့မယ်။ နောက်ပြီးတော့ တင်ပြပြီးဖြစ်သလိုပဲ မရိုးသားစွာနဲ့ ပါဝင်ပတ်သက်သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူဖို့လည်း ပြောပြီးဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

အဆိုပါ ဂိမ်းဆိုင်များကို တရားဝင် လိုင်စင်ချထားပေးခြင်းသည် ကလေးများ ကစားကွင်း ၊ ဂိမ်းစက်များသာ ပါဝင်ပြီး လောင်းကစားမှုပြုလုပ်ရန် မပါဝင်ကြောင်း လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သူ ဦးနေဘုန်းလတ်က ပြောသည်။

"လိုင်စင်ကိုကျော်ပြီး ငွေရေးကြေးရေး အပေးအယူတွေ လုပ်လာတဲ့အခါမှာ ဂိမ်းမဟုတ်တော့ဘဲ လောင်းကစား ဖြစ် သွားတာပေါ့။ လောင်းကစားလို့ သတ်မှတ်တဲ့ အထဲမှာ ဒင်္ဂါးပြားတွေ ၊ ငမန်းဂိမ်းတွေက လောင်းကစား ပစ္စည်းထဲမှာ အကျုံးဝင်တော့ တကယ်လိုင်စင်အတိုင်းဆိုရင် ရှိနေလို့မရဘူး။ ရှိနေရင်အရေးယူရမှာပေါ့" ဟု ဦးနေဘုန်းလတ်က ပြောသည်။

နယ်လုံဝန်ကြီး၏ ဖြေကြားမှု အရ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ပြီး လုပ်ကိုင်နေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်လိုင်စင်ဖြင့် ပြုလုပ်နေသော ဂိမ်းဆိုင်များသည် ရန်ကုန် အနောက်ပိုင်းခရိုင်တွင် ၂၁ ဆိုင် ၊ အရှေ့ပိုင်းခရိုင်တွင် ၂၂ ဆိုင် ၊ စုစုပေါင်း ၄၃ ဆိုင်ရှိနေပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၃နေ့အထိ တရားမဝင် ဂိမ်းဆိုင်များ ဖမ်းဆီးမှု ၈ မှု ၊ တရားခံပေါင်း ၁၃၅ ဦး အထိ ရှိနေကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly