အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (နိဂုံးပိုင်း)

အစိုးရသစ်လက်ထက် လူ့အခွင့်အရေး အခြေအနေ ဘာတွေ တိုးတက်လာသလဲ (နိဂုံးပိုင်း)

ဆရာဦးအောင်မျိုးမင်းခင်ဗျ ကျွန်တော်တို့ ဆရာ ဦးရောဘတ်ဆန်းအောင်နဲ့ ဆွေးနွေးခဲ့တာတွေ ဆရာတို့အားလုံး အားလုံး ဆွေးနွေးခဲ့ကြတဲ့ဟာတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ ဒါ ကျွန်တော်တို့ တိုင်းပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ ချိုးဖောက်ခံရမှုတွေ အလေးအနက် မထားခံရမှုတွေထဲမှာ လုပ်ခဲ့ကြတဲ့ တရားလွှတ်တော်တွေရဲ့ ဆုံးဖြတ်မှုတွေ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အပိုင်းတွေ အစိုးရဘက်ပိုင်းတွေ နောက် အစိုးရကနေ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ လုပ်ဆောင်မှုတွေအကြောင်းကို ကျွန်တော်တို့တွေ ဆွေးနွေးခဲ့တာပေါ့နော်။

ဆိုတဲ့အခါမှာ ကျွန်တော်အနေနဲ့ အဓိကမြင်တာကတော့ အဲဒီ အခြေအနေအားလုံးကို ထိန်းနိုင်မယ့် ချိန်ခွင့်လျှာ မျှအောင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းသည် တစ်ခုတည်းသော လူ့အခွင့်အရေး ကော်မရှင်အဖြစ် ကျွန်တော်တို့က မှတ်ယူပါတယ်ဗျ။ အခုဆိုရင် ဒီကနေ့မှာဆိုရင်လည်း လူ့အခွင့်အရေး ကော်မရှင်တွေ နှုတ်ထွက်ပေးဖို့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ ဆိုတာမျိုးတွေလည်း ဒါ ပြည်သူတွေလည်း လက်မှတ်ရေးထိုးပြီးတော့ လွှတ်တော်ကလည်း ဒါကို ဆုံးဖြတ်ထားတာ ကျွန်တော်တို့ သိရပါတယ်။ ဆိုတဲ့အခါမှာ ပြင်ဆင်ပြီးတော့ ပြောင်းလဲပြီးတော့ ဖွဲ့စည်းလာမယ့် လူ့အခွင့်အရေး ကော်မရှင်မျိုးမှာ ဘယ်လို အခြေခံမူတွေ ရှိသင့်သလဲ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ပါဝင်သင့်သလဲဆိုတာကို နိုင်ငံတကာ နှုန်းစံအနေနဲ့ဆို ဆရာတို့ အစိုးရကို ဘာတွေများ အကြံပြုချင်တာများ ရှိမလဲ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ဟုတ်ကဲ့ လူ့အခွင့်အရေး ကော်မရှင်အကြောင်း မပါလို့ရှိရင် ကျွန်တော်တို့က ဆွေးနွေးလို့မရတဲ့ ခေတ်ကို ဖြစ်နေတာကို။ ကျွန်တော်တို့ ဆွေးနွေးရတော့မှာပေါ့။ အဲတော့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာကတော့ လူရယ်၊ မူရယ် ဒီနှစ်ခုကို အဓိကထား ပြောချင်ပါတယ်။ လက်ရှိ လူ့အခွင့်အရေး ကော်မရှင်ကို ကျွန်တော်တို့ ချုပ်ကိုင်ထားတာကတော့ ကော်မရှင် ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေမှာ ဘာတွေပါသလဲဆိုရင် ကော်မရှင်က စုံစမ်း စစ်ဆေးခွင့်ပဲရှိတယ် ဒီထက်ပိုပြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ အဲတော့ ဒါက ကျွန်တော်တို့ ပြောမယ်ဆိုရင် လုပ်ပိုင်ခွင့်က တော်တော်လေး နိမ့်ပါတယ်။ တကယ်လို့ စုံစမ်း စစ်ဆေးတဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကို သိတဲ့အချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒါကို မဖြစ်မနေ အရေးယူတာ ဖော်ထုတ်တာ ပြီးလို့ရှိရင် လူ့အခွင့်အရေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို အမှန်တကယ် မဖြစ်မနေ အကောင်အထည် ဖော်ရမယ်ဆိုတဲ့ တောင်းဆိုနိုင်တဲ့ အာဏာတောင် မရှိပါဘူး။

အဲတော့ ပထမဦးဆုံး ကျွန်တော်တို့ ဒီအထဲမှာ ပါဝင်နေတဲ့ အားနည်းချက်တွေကို ပြင်ဖို့ လိုအပ်ပါတယ်။ ဥပမာ စုံစမ်း စစ်ဆေးပိုင်ခွင့်ရှိတယ်။ အဲတော့သူ့ရဲ့ လုပ်ဆောင်ချက်အရ ထောင်တွေကို စုံစမ်းခွင့်ရှိတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးဖို့အတွက် ကြိုတင် တင်ပြရမယ်ဆိုကတည်းက ထောင်တွေက ထုံးတွေဖွေးပြီး စားစရာတွေက အဆီပြန်နေမယ့် ဟာမျိုးဖြစ်တယ်။ လျှပ်တပြက်စစ်ဆေးနိုင်တဲ့ အနေအထားမျိုး မရှိဘူး။ အဲတော့ အဲဒါမျိုး ကန့်သတ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ချက် ကန့်သက်ထားတဲ့ ဥပဒေတွေကို ပြန်ပြင်ဖို့ လိုအပ်ပါတယ်။

နော်ကတစ်ခုက လူပေါ့။ လူ့အခွင့်အရေးက ကျွန်တော်တို့ လုပ်ဆောင်မယ့်သူက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ဖို့ လိုအပ်တယ်ခင်ဗျ။ နိုင်ငံတကာ ဥပဒေ၊ ပြည်တွင်းမှာရှိတဲ့ ဥပဒေ၊ ကွဲပြားခြားနားထားတဲ့ သူတွေကို ကာကွယ်ပေးထားတဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်း ဥပဒေတွေကို ကျွမ်းကျင်ဖို့ လိုတယ် ။မကျွမ်းကျင်ဘဲနဲ့ လုပ်လို့မရဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ကျွမ်းကျင်ရုံနဲ့ မရဘူးခင်ဗျ။ ဒီကိစ္စကို ငါလုပ်မယ်ဆိုတဲ့ စိတ်ထားပိုင်ရှင်တွေလည်း ဖြစ်ဖို့လိုတယ်။ တချို့က ကျွမ်းကျင်တယ်။ မလုပ်ချင်ဘူးဆိုရင် လောလောဆယ် သိန်း ၅၀ နဲ့ ပြီးလိုက်တဲ့ဟာမျိုး ကြေးအေးလိုက်ပါဆိုတဲ့ဟာမျိုး ဖြစ်တယ်။

အဲတော့ တစ်ဖက်မှာ ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပါ။ တစ်ဖက်မှာ စိတ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေးအတွက် အမှန်တရားအတွက် ငါတို့ လုပ်ဖို့တာဝန်ရှိတယ်။ ငါတို့ ပင်ပန်းရင် ပင်ပန်းပါစေဆိုတဲ့ နှလုံးပိုင်ရှင် ရှိဖို့အတွက် အဲလိုမျိုး ပြည့်စုံတဲ့သူတွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးချယ်မှုမှာဆိုရင် ကျွန်တော်တို့က ရွေးချယ်ရေး ကော်မတီဆိုပြီးတော့   ရွေးချယ်သံကြားတယ်။ ကော်မတီမှာ ဘယ်သူပါမှန်း မသိဘူး။ ကျွန်တော်တို့ သိတာက သမ္မတက လက်မှတ်ထိုးပြီး ဒီလူများကို ခန့်လိုက်ပါပြီ ဆိုပြီးတော့မှ သိတဲ့ဟာမျိုး အဲတော့ ဒါမျိုးက မဖြစ်သင့်ဘူးခင်ဗျ။ ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ် ဘယ်သူဖြစ်တယ်ဆိုတာကို သိသော အသိဉာဏ်ပိုင်ရှင်များ ဖြစ်တယ်။ အဲတော့ ဘယ်သူတွေ ဖြစ်သင့်တယ်ဆိုတာကို ပြည်သူလူထုကနေ အမည်တင်သွင်းပါ။ အဲဒီထဲကမှ အကောင်းဆုံး အပြည့်စုံဆုံး သူတွေကို ကော်မရှင်က ရွေးပါ။ အစိုးရ သို့မဟုတ် သမ္မတက ခွင့်မပြုဘဲ မခန့်အပ်ခင်မှာ ဒီလူတွေ ဘယ်သူလဲ ဒီလူနဲ့ပတ်သက်ပြီး ဘာတွေ ထောက်ပြစရာ ရှိသလဲဆိုတာကို ချပြပါ။ အားလုံးကနေ ထီးလို မင်းလို အရည်အချင်း ရှိသော သူများ ဖြစ်မှသာ သမ္မတက ခန့်အပ်တာ ဖြစ်ပါစေ။ အထက်ကနေ ကျလာတဲ့ မိုးကျရွှေကို လူ့အခွင့်အရေး ကော်မရှင်လိုမျိုး ကျွန်တော်တို့ မလိုပါ။ အသုံးလည်း ကျမှာမဟုတ်ပါဘူး။

မဇ္ဈိမ

ဆရာမခင်ဗျ။ ဆရာဦးအောင်မျိုးမင်း ဆွေးနွေးသွာတဲ့ အထဲမှာဆိုရင် ကော်မရှင်တွေအနေနဲ့ လောလောဆယ်မှာ ဆိုရင်တော့ ဒါက အနှစ်ချုပ်ပြီး ကျွန်တော် ပြောရမယ်ဆိုရင်တော့ ဒါ စက္ကူကျားလို သူတို့ လုပ်ဆောင်ရမယ့် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအတွက် သတ်မှတ်ထားတဲ့ဟာအရ သူတို့ လုပ်ဆောင်ထားတဲ့ သူတို့က ကျားတော့ကျားပဲ ဒါပေမယ့် စက္ကူကျားလိုဖြစ်နေတယ်ပေါ့ ဆိုတဲ့အခါမှာ သူတို့အနေနဲ့ ပေါ်ပေါက်လာမယ့် လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ဆိုရင်ရော ဂုဏ်သိက္ခာ ပြည့်မီတဲ့ ကော်မရှင်တစ်ရပ် ဖြစ်မယ်ဆိုရင် ဆရာမတို့ ဘာတွေများ အကြံပြုချင်တာ ရှိဦးမလဲ။

ဒေါ်မွန်မွန်မြတ်

ဒါရိုက်တာ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်။

ဂုဏ်သိက္ခာပြည့်ဝတဲ့ ကော်မရှင်တစ်ခု ဖြစ်ဖို့ဆိုရင်တော့ ကျွန်မတို့ အကုန်လုံး နားစွင့်ရမယ်ပေါ့နော်။ မီဒီယာဆီကနေ ထွက်လာတဲ့အသံတွေ လူထုဆီကနေ ထွက်လာတဲ့အသံတွေ နောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေဆီက ထွက်လာတဲ့ အသံတွေကို အဲဒီ အသံတွေအကုန်လုံးကို နားထောင်မှ ရမှာပါ။ ကိုယ့်ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အသံတွေကိုလည်း နားထောင်ရမယ်။ အဲလိုမျိုး နားထောင်ပြီးတောမှ မျှမျှတတ ဆုံးဖြတ်မှသာလျင် ကော်မရှင်ရဲ့ ရပ်တည်ချက်က မှန်ကန်မယ်လို့ ထင်ပါတယ်။ မဟုတ်ပဲနဲ့ ကိုယ်တစ်ယောက်တည်းသိတဲ့ အသိလေးနဲ့ အိမ်ထဲမှာနေပြီးတော့ အဲဒီအသိလေးနဲ့ ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ ဘယ်လိုမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ပါဘူး။

အဲတော့ ကျွန်မတို့ မီဒီယာသမားတွေမှာလည်းပဲ ကျွန်မက မီဒီယာသမားဆိုတော့ မီဒီယာအကြောင်းလေး နည်းနည်း ထည့်ပြောချင်တယ်။ မီဒီယာသမားတွေကလည်း ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Issue တွေ ရှိလာပြီဆိုရင် သူတို့ကိုယ်၌ကိုက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချို့ကိုတော့ နည်းနည်း နှိုက်နှိုက်ချွတ်ချွတ် သိဖို့တော့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်က မသိတဲ့ အကြောင်းအရာတစ်ခုကို ခေါင်းထဲထည့်ဖို့ လုပ်တယ်ဆိုရင် မီဒီယာသမားတွေကိုယ်၌ကလည်း အမှားတွေ ကျူးလွန်တတ်တယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့နိုင်ငံက ဒီအပြင်မှာ အင်မတန်မှ ထိလွယ် ရှလွယ် အကြောင်းအရာတွေလည်း ရှိနေတဲ့အတွက် အစွန်းနှစ်ပါး လွတ်ဖို့အတွက်က မီဒီယာသမားတွေအတွက်ကလည်း တော်တော်ကြီးကို သတိထားဖို့ လိုအပ်ပါတယ်။

ကျွန်မတို့ဆီမှာ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေဆီမှာဆိုရင် ရုပ်ရှင် ဒါရိုက်တာလည်း တော်တော်လည်း ငယ်ကြတယ်။ ဒီ လူ့အခွင့်အရေးကြောင်း မသိကြသေးတဲ့သူတွေဆိုရင် ကျွန်မတို့က ဆရာဦးအောင်မျိုးမင်းတို့လို လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ကျွမ်းကျင်တဲ့သတွေကို ခေါ်ပြီးတော့ သီအိုရီတွေ ရှင်းပြတာမျိုး အကြောင်းအရာ ရှင်းပြတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါကလည်း မလုံလောက်ပါဘူး။ တစ်ရက် နှစ်ရက်နဲ့ မလုံလောက်ပါဘူး။ သူတို့ကိုယ်တိုင်က လိုလိုလားလား သိချင်စိတ် ရှိဖို့ ပြီးတော့ သူတို့ ရုပ်ရှင်တွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြပြီးမှသာ ထုတ်လွှင့်ဖို့ လိုအပ်ပါတယ်။ မီဒီယာသမားတွေ ကိုယ်၌ကလည်း သက်ဆိုင်ရာ Express တွေကို တိုင်ပင်ဆွေးနွေးဖို့ အများကြီး လိုပါတယ်လို့။

 ပြီးတော့ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဥပဒေတွေမှာ အဖွဲ့အစည်းတစ်ခုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိနေသေးသ၍ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေဦးမှာပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မညီမျှမှုတွေ ရှိနေဦးမှာပဲ။ အဲတော့ ကျွန်မ ထင်ပါတယ်။ ဒီဟာ တရားဥပဒေ ပြင်ဆင်ရေးသည်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေကို ကာကွယ်ပေးဖို့ရာအတွက် အင်မတန်မှ လိုအပ်တဲ့ ကိစ္စဖြစ်တယ်။ အခြေခံဥပဒေကလည်း ပြင်ကို ပြင်မှ ရမှာဖြစ်ပါတယ်။ အဲတော့ ဒီဟာလေးတွေကိုလည်း အစိုးရအနေန့ သူတို့ နဂိုကတည်းက အစိုးရ မဖြစ်ခင်ကတည်းက ပြောခဲ့တဲ့အတိုင်းပဲ တရားဥပဒေ ပြင်ဆင်ရေးကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်။

မဇ္ဈိမ

ဆိုတော့ ဆရာခင်ဗျ။ ကျွန်တော်တို့ အခု လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို ဆွေးနွေးခဲ့ကြတာပေါ့လေ။ ဆိုတဲ့အခါမှာ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့က ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့ မူဝါဒမျိုးနဲ့ ကျွန်တော်တို့ ချဉ်းကပ်ပြီးတော့ ဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စမျိုးတွေ ရှိကောင်း ရှိကြလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မှန်းဆပါတယ်ဆရာ။ ဆိုတဲ့အခါမှာ ဥပဒေတွေ လူ့အခွင့်အရေးနဲ့ ပတ်သက်လာသော ဥပဒေတွေသည် ကြီးတဲ့အမှု ငယ်အောင်လုပ်လို့ မရဘူးလို့လည်း ကျွန်တော်တို့ကတော့ မှတ်ယူပါတယ်ဆရာ။ ငယ်တဲ့အမှုကို ပပျောက်အောင် လုပ်လို့ မရဘူးဆိုတာကိုလည်းပဲ ကျွန်တော်တို့ကတော့ မှတ်ယူပါတယ်ဆရာ။ ဆိုတဲ့အခါမှာ ဒီ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတာကရော လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ဆရာတို့ ဥပဒေသမားတွေအနေနဲ့ ဘယ်လောက်ထိ ဆရာတို့ ထိန်းညှိဖို့ ရှိဖို့ရာအတွက် ဆရာတို့ ပြောချင်တာများ ရှိမလား။   

ဦးရောဘတ်ဆန်းအောင်

တရားလွှတ်တော် ရှေ့နေ။

အခုဟာက ဆိုင်းဘုတ် ကြည့်လိုက်တော့သာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လို့ ကျွန်တေ်ာတို့ ရေးထားတာ တွေ့တာ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက တကယ်တမ်းက ငါ့အခွင့်ရေး ကော်မရှင် ပွဲစားအဆင့်ပဲရှိတယ်။ ဘာအရည်အချင်းမှမရှိဘူး။ ကိုခင်ညွန့်ပေးတဲ့ ဘွဲ့နဲ့ ရာထူးကို ပုခုံးပေါ်တင် ခေါင်းပေါ်ရွက် တာဝန်ထမ်းဆောင်ခဲ့တာ။ သူတို့ရဲ့ ဖြတ်သန်းမှုတွေက မမှန်ကန်ဘူး။ ဘဝမမှန်တဲ့သူတွေက ကော်မရှင်လူကြီး တက်လုပ်နေတယ်။ ပြောမယ်ဆိုရင် ကျွန်တော်က ပြောရဲပါတယ်။ အရည်အချင်း မရှိပါဘူး။ သူတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံ ဘဝပေးအသိဆိုတာ မရှိဘူး။ လူ့ဘဝရောက်လို့ လူ့အသိသိတာပါ။ သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ခံစားချက်မရှိဘူး။ ဖြတ်သန်းမှုမရှိဘူး။ အဲတော့ သူတို့က ကြီးတဲ့အမှု ပပျောက်အောင် လုပ်လို့ မရဘူးခင်ဗျ။ ၃၄ မှာ ဆိုထားတာက တည်ဆဲဥပဒေနဲ့ အညီဆိုပြီး ပြောထားတာ။ တည်ဆဲဥပဒေမှာတောင်မှ ဒီလောက်တောင်မှ မိစ္ဆာဒိထ္ထိ အရိုင်းအစိုင်း သတ္တဝါတွေလို ကလေးတွေကို လက်လိမ်ချိုး၊ လက်လှန်ချိုး၊ လုပ်တာတွေဟာ ခွင့်လွှတ်လို့မရနိုင်တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုကြီးကို သူတို့က ဟက်ချလောင်း လုပ်တာ။ မျက်လှည့်လို သူတို့ လုပ်တာ။ ဆိုတော့ ဒါကိုက အဂတိ လိုက်စားမှုပဲ။ ကျွန်တော်တို့ကတော့ သူတို့ကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၆၊ ၅၇ အရ အရေးယူဖို့ ကျွန်တော်တို့ ဆက်လုပ်သွားမှာ။ ဆိုတော့ လူ့အခွင့်အရေး ကော်မရှင်မှာ အသစ်ခန့်မယ်ဆိုရင်တော့ ကောင်းတာကတော့ လွှတ်တော် ကြားနာပွဲတွေနဲ့ သူတို့ အရည်အသွေးလေးတွေ စစ်ဆေးပြီးတော့ လုပ်ရင်တော့ ပိုကောင်းမယ်။ အဲတော့ ကျွန်တော်တို့ဆီမှာ ပေါင်ချိန်ရှိတယ်၊ ကျန်ချောင်းမရှိတော့ အဲဒါလေးကို ဖြည့်ဆည်းပေးနိုင်ဖု့ိပါပဲ။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျ။ ဆိုတော့ ဆရာဦးအောင်မျိုးမင်းအနေနဲ့ လူ့အခွင့်အရေး ပညာရပ်ပိုင်းတွေမှာ နှံ့စပ်တဲ့သူ တစ်ယောက်ပေါ့လေ။ ဒါ ခုနကတုန်းက ဆရာ့ကို ကျွန်တော် မေးခဲ့တဲ့   မေးခွန်းပါပဲခင်ဗျ။ ပြစ်မှုတွေနဲ့ ဒီ အပြစ်တွေမှာ လူ့အခွင့်အရေးနဲ့ ပက်သက်လာတဲ့ အမှုတွေမှာ ဗမာ လူမှုအသိုင်းအဝိုင်းမှာ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုတဲ့ အရာကတော့ လက်သုံးစကား ဖြစ်နေတယ်ပေါ့လေ။ ဆိုတဲ့အခါမှာ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ပြစ်မှုမျိုးတွေမှာ ဆရာတို့အနေနဲ့ တရားနဲ့ ဓားနဲ့ကို ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ခွဲခြားဖို့ လိုအပ်မယ်ဆိုတာမျိုးကို အကြံပြုပြီးတော့ ပြောကြားချင်တာများ ရှိဦးမလဲ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ဟုတ်ကဲ့။ အားလုံးသိတဲ့ အင်းဝနဲ့ ကလေးနှစ်ယောက်အကြောင်းကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ဒါက ကျေအေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ့်ကို အထူးကြီးမားစွာ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ နိုင်ငံတော်မှာရှိတဲ့ ဥပဒေနဲ့ မဟုတ်တော့ဘူးခင်ဗျ။ ကမ္ဘာက သတ်မှတ်ထားတဲ့ ကလေးအခွင့်အရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ILO စာချုပ်ရဲ့ ၁၈၂ အဆိုးရွားဆုံး ကလေးအလုပ်သမား စေခိုင်းမှု အမှုလည်း မြောက်ပါတယ်။ အဲတော့ ပြည်တွင်းမှာဖြစ်တဲ့ ခုနကလိုမျိုး ဟိုဘက်နဲ့ ဒီဘက် ဆဲကြတယ်ဆိုရင် ကျေအေးလို့ရတယ်။ လင်မယားရန်ဖြစ်တယ် ကျေအေးလို့ရတယ်။ ဒါပေမယ့် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျေအေးလို့ မရပါဘူး။ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးအတိုင်း ကျွန်တော်တို့ ကြည့်ရမှာ ဖြစ်ပါလိမ့်မယ်။ လိုအပ်တဲ့အခါမှာ ကျွန်တော်တို့ ဒါကို ထိုက်တန်သော ပြစ်မှု သို့မဟုတ် နစ်နာကြေး ဒါတွေပေးအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အဲတော့ လူ့အခွင့်အရေးဆိုတာက ပြောမယ်ဆိုရင် နိုင်ငံတာဥပဒေနဲ့ နိုင်ငံတကာစံညွှန်းနဲ့ ကျွန်တော်တို့ တိုင်းပြည် အစိုးရအပေါ်မှာ ပြန်လည်ပြီးတော စောင့်ကြည်နေတာ ရှိပါတယ်။ အဲဒီအတွက်ကြောင့် နိုင်ငံတကာစံနှုန်းအရ ကျွန်တော်တို့ အရေးယူကို ယူရမယ့်အရာ ဖြစ်ပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျ။ ဒါ ကျွန်တော်တို့ နောက်ဆုံး ခြုံငုံပြီးတော့ သုံးသပ်လိုက်ရမယ်ဆိုရင် နောက်ဆုံးဘိတ် အနေမျိုးနဲ့ဆိုရင် ဆရာ ဦးရောဘတ်ဆန်းအောင်အနေနဲ့ မြန်မာပြည်မှာ ဒါ လူ့အခွင့်ရေး အခြေအနေတွေ တိုးတက်ပြီးတော့ ကောင်းမွန်လာဖို့ နောက်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်မှာ လူ့အခွင့်အရေးအခြေအနေတွေ လေးစားဆိုလိုက်နာဖို့ ဒါမျိုးတွေ ဖြစ်ဖို့ရာအတွက် အစိုးရအနေနဲ့ ဘာတွေများ လုပ်ဆောင်သင့်တယ်ဆိုတာကို ဆရာ့အနေနဲ့ နောက်ဆုံးဘိတ် အနှစ်ချုပ်ပြီးတော့ ဆရာ့အနေနဲ့ ပြောကြားပေးပါဦးခင်ဗျ။

ဦးရောဘတ်ဆန်းအောင်

တရားလွှတ်တော် ရှေ့နေ။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ဥပဒေကို ပြင်ပြီးတော့ လွှတ်တော် ကြားနာပွဲတွေကနေတစ်ဆင့် ရွေးချယ်ပြီး အဖွဲ့ဝင်သစ်တွေနဲ့ အသစ်ရွေးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေဟာ ၅၀ ရာခိုင်နှုန်းလောက် အလျင်အမြန် တိုးတက်လာမယ်လို့ပဲ ယုံကြည်ပါတယ်။

မဇ္ဈိမ

ဆိုတော့ ဆရာမ မမွန်မွန်မြတ်ဆိုရင်ရော ပြည်သူတွေကြားထဲမှာ လူ့အခွင့်ရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် ဆရာမတို့ ဝမ်းနက်တွေ ပေးရတဲ့အပိုင်း အစိုးရအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ဆရာမတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ မြင့်တင်မှုတွေ အနုပညာလှုပ်ရှားမှုတွေပဲဖြစ်ဖြစ် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကိုပဲဖြစ်ဖြစ်ဆိုရင်ရော ဆရာမအနေနဲ့ ဘာတွေများ တောင်းဆိုချင်တာများ ရှိဦးမလဲ။ ဆရာမ ဘာတွေလုပ်ဆောင်ပေးဖို့ လိုအပ်နေတာမျိုးရော ရှိမလဲ ဆရာမ။ အဲဒါလေးကို အနှစ်ချုပ်ပြီးတော့ ပြောပြပေးပါခင်ဗျ။

ဒေါ်မွန်မွန်မြတ်

ဒါရိုက်တာ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်။

ကျွန်မတို့ MRTV နဲ့ အခုလုပ်နေတဲ့ အနေအထားအရ MRTV channel တစ်ခုကနေပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို ဆက်ပြီးတော့ ထုတ်လွှင့်သွားမယ်။ အခု လက်ရှိ ထုတ်လွှင့်ပြီးသား ရုပ်တွေတင် မကပဲနဲ့ နောက်ထပ် ရုပ်ရှင်ကား အသစ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိတယ်။ အခုဆိုရင်လည်း လူ့အခွင့်ရေး အခြေခံ အချက် ၃၀ ဖြစ်တဲ့ အကြောင်းကို ရိုက်ထားတဲ့ ဇာတ်လမ်းတို ရုပ်ရှင်လေးတွေကိုလည်း MRTV ကနေ မကြာမီ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့အဖွဲ့အနေနဲ့ ပထမဆုံးအနေနဲ့ အစိုးရ State Media နဲ့ ပူးပေါင်းပြီးတော့ လူ့အခွင့်အရေး ပညာပေးရေး ရုပ်ရှင်တွေကို ထုတ်လုပ်ပြီးတော့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါတွေ ရှိလာလို့ရှိရင်လည်း ပိုပြီးတော့ ပရိသတ်တွေကြားထဲကို များများ ပျံ့နှံ့လာပြီးတော့ လူ့အခွင့်အရေအကြောင်းကို ပိုပြီးတော့ သိလာမယ်လို့ ယုံကြည်ပါတယ်ရှင့်။

မဇ္ဈိမ

ဟုတ်ကဲ့ပါခင်ဗျ။ ဆိုတော့ ဆရာ ဦးအောင်မျိုးမင်းခင်ဗျ ကျွန်တော်တို့တိုင်းပြည်မှာတော့ လူ့အခွင့်အရေး မြင့်တင်မှုအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ ဒါ ဘတ်ဂျက် တစ်စုံတစ်ရာကို ချထားပြီးတော့ သုံးစွဲတာ မရှိဘူး။ မရှိသလောက်ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်ဆရာ။ ဆိုတဲ့အခါမျိုးမှာရော ဒီ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ဖို့ရာအတွက် ဘယ်အပိုင်းကိုပဲလုပ်လုပ် ပိုက်ဆံက နောက်ကလိုက်ရတဲ့ ဟာမျိုးတွေပါ။ ဆိုတဲ့အခါမျိုးမှာ အစိုးရအနေနဲ့ တရားဝင် ဘတ်ဂျက်တွေထဲမှာကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ရာခိုင်နှုန်းအထိ အသုံးချမယ်ဆိုတာမျိုးတွေ ရှိလာဖို့အထိကို ဆရာတို့အနေနဲ့ ဘာတွေတိုက်တွန်းပြီးတော့ ဘာတွေ အကြံပြုပြီးတော့ နောက်ဆုံး အဆုံးသတ်ချင်ပါလဲ ဆရာ။

ဦးအောင်မျိုးမင်း

အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar

ဟုတ်ကဲ့ ကျွန်တော်တို့ အရင်အစိုး၇လက်ထက်တုန်းက ကျွန်တော်တို့ကို သတင်းမှားတွေပေးပြီးတော့ ဝါဒဖြန့်တာ ခံရတယ်ခင်ဗျ။ ဒို့တာဝန် အရေးသုံးပါးဆိုပြီးတော့ အမှန်တော့ နိုင်ငံတကာမှာ အစိုး၇ရဲ့ တာဝန် သုံးပါးရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင် မချိုးဖောက်ခြင်းဆိုတာ လေးစားခြင်းဖြစ်ပါတယ်။ ချိုးဖောက်မှုမဖြစ်အောင် ကာကွယ်ပေးရမယ်ဆိုတဲ့ ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကိစ္စတွေ ရှင်သန်ဖို့အတွက် ဖြေဆည်းပေးခြင်းဆိုတဲ့ တာဝန် ရှိပါတယ်။ အဲတော့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်တာကတော့ အစိုးရက ဒီတာဝန်သုံးရပ် အစစ်အမှန်ကို ထမ်းဆောင်ပေးပါ။ အဲဒီ ထမ်းဆောင်တဲ့အချိန်မှာ လူ့အခွင့်အရေးက ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတဲ့ နိုင်ငံတော်အဆင့် အမျိုးသား စီမံချက်တွေကို ကျွန်တော်တို့ကို ချပြပေးပါ။ အဲဒီနေရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရော၊ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမယ့် အရာတွေကို ဖော်ဆောင်ပေးပါ။ အဲဒီ လုပ်ဆောင်မယ့် အမျိုးသားအဆင့် လူ့အခွင့်အရေး စီမံချက်တွေအတွက် လိုအပ်သော ဘဏ္ဍာငွေတွေကို လုံလုံလောက်လောက်နဲ့ ချပေးပါ။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာငွေမရှိရင် ကျွန်တော်တို့ လုပ်ရခက်ပါတယ်။ ဒါပေမယ့် ဘဏ္ဍာငွေကို စနစ်တကျ သုံးဖို့အတွက် စီမံကိန်းလည်း ရှိဖို့ လိုအပ်ပါတယ်။ အဲတော့ စီမံကိန်းရယ် လုံလောက်သော ဘဏ္ဍာငွေရယ် နောက်တစ်ခါ လုပ်ဆောင်တဲ့အချိန်မှာ အရပ်ဖက် ပြည်သူလူထုတွေ အရပ်ဖက် အဖွဲ့အစည်းတွေ ကျွမ်းကျင်သူတွေနဲ့ လက်တွဲလုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19419
အပိုင်း(၂)အား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19446

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags