မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သုံးလအတွင်း ကျူးကျော်ဆိုင် ၁၂၀၀ ကျော်ရှင်းလင်းပြီ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သုံးလအတွင်း ကျူးကျော်ဆိုင် ၁၂၀၀ ကျော်ရှင်းလင်းပြီ
(ဓာတ်ပုံ၊MCDC)

မန္တလေး၊ အောက်တိုဘာ ၂၄ ။             ။ မန္တလေးမြို့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၃လအတွင်း လမ်းဘေးကျူးကျော်ဈေးဆိုင် ၁၂၀၀ ကျော်ကို ရှင်းလင်းပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှဌာနမှူး ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။

လမ်းဘေးကျူးဈေးဆိုင်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သြဂုတ်လမှစတင်၍ ရှင်းလင်းဆောင်ရွက်နေရာ အောက်တိုဘာလ ၂၄ ရက်အထိ ကျူးကျော်ဈေးဆိုင်ပေါင်း ၁၂၀၀ ကျော်ကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ကျူးဆိုင်တွေရှင်းတဲ့နေရာမှာ မူရှိပါတယ်။ ကားသွားတဲ့လမ်းကားသွားနိုင်ရမယ်။ လူသွားတဲ့ ပလက်ဖောင်း လူသွားနိုင်ရမယ်။ ရေမြောင်းဆိုရင်လည်း ရေစီးရေလာကောင်းရမယ်။ ဒါကြောင့် အဓိက ကားလမ်းဘေးရောင်းချနေတဲ့သူတွေ၊ပလက်ဖောင်းပေါ်တင်ရောင်းနေတဲ့ ဆိုင်တွေနဲ့ ရေမြောင်းတွေပေါ်အခင်းခင်းပြီး ရောင်းနေတဲ့ဆိုင်တွေကို အဓိကရှင်းလင်းနေပါတယ်။"ဟု ဦးဝင်းမောင်ကပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ကျူးဈေးဆိုင်များရှင်းလင်းနေရာ ပထမအဆင့်အနေဖြင့် အဓိကလမ်းမများဖြစ်သည့် ၁၉လမ်းတစ်လျှောက်၊ ၂၆လမ်းတစ်လျှောက်၊ လမ်း ၃၀ တစ်လျှောက်၊ ၃၅လမ်းတစ်လျှောက်၊ သိပ္ပံလမ်းတစ်လျှောက်နှင့် ၈၆လမ်းတစ်လျှောက်၊ ၇၈လမ်းတစ်လျှောက်၊ ၈၀လမ်းတစ်လျှောက်၊ ၇၃လမ်းတစ်လျှောက်၊ ၆၆လမ်းတစ်လျှောက်ရှိ ကျူးဆိုင်များကို ရှင်းလင်းထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒုတိယအဆင့်အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်သည့် မြို့တွင်းလမ်းတွင်ရောင်းချနေသည့် ကျူးဈေးဆိုင်များရှင်းလင်းရန်နှင့် တတိယအဆင့်အနေဖြင့် ရပ်ကွက်လမ်းမများပေါ်တွင်   ရောင်းချနေသည့် ကျူးဈေးဆိုင်များကို ရှင်းလင်းရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly