Wဂျေဂျူး၏ "ဘဝ" တေးစီးရီး အယ်လ်ဘမ် မိတ်ဆက်ပွဲကျင်းပ

Wဂျေဂျူး၏ "ဘဝ" တေးစီးရီး အယ်လ်ဘမ် မိတ်ဆက်ပွဲကျင်းပ

ရန်ကုန်၊အောက်တိုဘာ ၂၄ ။             ။ Wဂျေဂျူး၏ "ဘဝ(Life)" အမည်ရှိ တေးစီးရီးအယ်လ်ဘမ် စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာ ၂၄ရက်နေ့တွင် Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘဝတေးစီးရီးတွင် သီချင်းအပုဒ်ပေါင်း(၁၂)ပုဒ် ပါဝင်ပြီး သီချင်းအမျိုးအစားများမှာ ပေါ့ပ်နှင့်ရော့ခ် အမျိုးအစားတို့ ပါဝင်သည်။ အဆိုတော် Lဆိုင်းဇီ Featuring ပါဝင်သီဆိုပေးထားသော သီချင်းမှလွဲလျှင် ကျန်သောသီချင်း ၁၁ပုဒ်မှာ ကိုယ်ပိုင်သံစဉ်သီချင်းများဖြစ်သည်ဟု သိရသည်။

ဘဝ စီးရီးကို ဒါရိုက်တာ D ထဲလ်ဒီ၊ ဓါတ်ပုံ ဖုန်းမြင့် (ငွေတောင်တန်း)၊ နောင်နောင်(F.O.R)နှင့် Noran Jung တို့က ရိုက်ကူးပေးထားပြီး ထွန်းကိုကို၊ အောင်သော် (Five Star လူရွှင်တော်အဖွဲ့)၊ ရွှေမှုံရတီ၊ L ဆိုင်းဇီ၊ Wမေရှင်းစိန် နှင့် Nang Seng Ing (Miss Tourism Myanmar) စသော အနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားသည်။

တေးစီးရီးအမည်ကို ဘဝဟူသော အမည်ပေးရခြင်းနှင့် ပက်သက်၍ W ဂျေဂျူးက "ဒီအနုပညာအလုပ်၊ သီချင်းဆိုတဲ့ အလုပ်ကို ဘဝတစ်ခုလိုပဲ ကျွန်တော် ခံယူတယ်။ နောက်ပြီး ဘဝဆိုတဲ့ သီချင်းလေးကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ အချစ်သီချင်း သီးသန့် မဟုတ်ဘဲ လူတစ်ယောက် စိတ်ဓါတ်ကျနေတဲ့အချိန် စိတ်ခွန်အားပေးတဲ့ သီချင်းပေါ့။ ဘဝအတွက် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဓါတ်ကျလာတာမျိုးရှိရင် ခွန်အားတွေယူပြီး ဆက်လက်ကြိုးစားသွားမှ လိုရာပန်းတိုင် ရောက်နိုင်မယ်ဆိုပြီး အားပေးတဲ့ သီချင်းလေးကိုလည်း သဘောကျလို့ ဖြစ်ပါတယ်" ဟုဆိုသည်။

Wဂျေဂျူးသည် Stars and Models Agencyမှ ကြီးမှူးကျင်းပသော 2005 Biggest Championship Singing Contest အဆိုပြိုင်ပွဲတွင် Winner ဆု ရရှိထားသူလည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly