ကျွန်တော်တို့လူတွေ မိအေး သုံးခါနာသွားနိုင်တယ် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် အင်တာဗျုး

By RiA
24 October 2016
ကျွန်တော်တို့လူတွေ မိအေး သုံးခါနာသွားနိုင်တယ် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် အင်တာဗျုး
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA)

စစ်တွေ၊ အောက်တိုဘာ ၂၄ ရက် ။            ။ ရခိုင်ပြည်နယ် ဝန်ကြီးချူပ် (ငြိမ်း) ၊ ယခု အမ်းမြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းရင်းသားလူမျိုးများ အရေး လေ့လာရေး ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဦးမောင်မောင်အုန်းကို လတ်တလော ရခိုင်ပြည်နယ်၏ အခြေအနေများနှင့် ပတ်သက်၍ RiA မှ သတင်းထောက် မင်းမျိုးနွယ်က သီးသန့် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

RiA။    ။ ဗိုလ်ချုပ်က ဝန်ကြီးချုပ်ဟောင်းတစ်ယောက်လည်းဖြစ်တယ်။ လက်ရှိမှာလည်းပဲ တိုင်းရင်းသား လူမျိုးများအရေး လေ့လာရေး ကော်မတီရဲ့ ဥက္ကဌ တာဝန်လည်း ယူထားသူ တစ်ယောက်ဖြစ်နေတော့ ရခိုင်ပြည်နယ်အရေးတွေနဲ့ ပါတ်သက်ပြီးတော့ အစိုးရဘက်က ဘာတွေကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲခင်ဗျား။

MMO။    ။ ရခိုင်ပြည်နယ်အစိုးရကို ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် သူလည်းပဲ ကောင်းအောင် လုပ်နေတယ်လို့တော့ ယုံကြည်မျှော်လင့်ပါတယ်။ ဝန်ကြီးချုပ်ကြီးဦးညီပု ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ သူ့ရုံးခန်းထဲကို သွားပြီးတော့ တစ်နာရီ နီးပါးခန့် ရခိုင်ပြည်နယ်ရဲ့အရေးကိစ္စတွေကို အကြံပြု တင်ပြခဲ့တာရှိပါတယ်။ အကြံပြု တင်ပြတဲ့အခါမှာ ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီပေါ့နော်။ ဦးညီပုက အန်အယ်လ်ဒီပါ။ ဆန့်ကျင်ဘက် ပါတီဖြစ်တဲ့ အတွက်ကြောင့် တစ်ချို့ဟာတွေကို ကျွန်တော်အကြံမပြုဘဲ နေရင်လဲ ရပါတယ်။ ကျွန်တော်အတွက် ပြဿနာမရှိပါဘူး။ သို့သော်လည်း ရခိုင်လူမျိုးများအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။

ရခိုင်အရေးဟာ နိုင်ငံအရေးဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဦးညီပုကို ဆရာစားမချန်ဘဲ ကျွန်တော်ရဲ့အမြင်တွေ၊ လုပ်ဆောင်သင့်တဲ့ဟာတွေကို အသေးစိပ် ပြောခဲ့တာတွေရှိပါတယ်။ ဒီနေ့ အစိုးရအနေနဲ့တော့ အားကြိုးမာန်တက်နဲ့ လုပ်နေတယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်။

ရခိုင့်အရေးဟာ အင်မတန်အရေးကြီးတဲ့အတွက် ပြောရရင် ဝန်ကြီးချုပ်ကြီးအပါအဝင် ဝန်ကြီးများအားလုံးသည် ရခိုင်ပြည်နယ်ကို စီမံခန့်ခွဲတဲ့အခါမှာ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ နိုင်ငံရေးအမြင်၊ ဒီအမြင်တွေကို အခြေခံရမယ်။ ပြီးလို့ရှိရင် အတွေ့အကြုံတွေကို ယူရမယ်။ အဓိကကတော့ ကိုယ့်ရဲ့ ရခိုင်တိုင်းရင်းသားများနဲ့ ထိတွေ့ ဆက်ဆံပြီး သူတို့ရဲ့ဆန္ဒကိုအခြေခံပြီးတော့မှ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးတော့ ခရီးပေါက်မှာပါ။

ရခိုင်ပြည်နယ်ဟာ ပုံစံခွက်ထဲမှာ ထည့်ပြီးလုပ်လို့မရဘူး။ ဘင်္ဂါလီတွေ အရေးဟာလည်း အင်မတန်နက်နဲတဲ့ ကိစ္စကြီး။ ရခိုင်ပြည်နယ်ကလဲ အကြောင်း အမျိုးမျိုးကြောင့်မို့လို့ ဒုတိယ အနိမ့်ကျဆုံး ပြည်နယ်အဖြစ် နောက်ကျကျန်ခဲ့တာဆိုတော့ ဒါတွေကို ဆက်စပ်တဲ့အခါ တစ်ချို့ကိစ္စတွေဟာ လူမျိုးရေးတွေ၊ နိုင်ငံရေးတွေ၊ ပါတီအရေးအရောတွေ။ ကိုယ့် တိုင်းရင်းသားတွေရဲ့ နာကြင်တဲ့ခံစားမှုတွေ ဒါတွေကို မတွေးလို့မရဘူး။ ဒီလိုတွေမတွေးဘဲနဲ့ အမိန့်ပေးမယ်။ ပုံစံခွက်ထဲ ချမယ်ဆိုရင်တော့ မရပါဘူး။ ကျွန်တော်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်ကလဲ ပုံစံခွက်ထဲကအတိုင်း မလုပ်ခဲ့ပါဘူး။ မစ္စတာဘန်ကီမွန်းကို စာရေးကန့်ကွက်တဲ့ဟာတွေ၊ ဒီဗီဘီ ဒီဘိတ်တွေကို လုပ်ခဲ့တာတွေဟာလဲပဲ ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့   ဘောင်အပြင်ကနေ ဆောင်ရွက်ခဲ့တာတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရကို အဓိကအကြံပေးချင်တာကတော့ ပြည်သူတွေရဲ့ဆန္ဒကို ယခုထက်ပိုပြီး အလေးထားဖို့ လိုသလို ဒုတိယ တစ်ခုကတော့ ဗဟိုအစိုးရဆိုတာဟာ တိုင်းဒေသကြီးအားလုံးကို စီမံကွပ်ကဲရတာပါ။ တကယ်လုပ်ရမှာကတော့ ပြည်နယ်အစိုးရပဲဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ပြည်သူနဲ့ ကိုယ့်အရပ်နဲ့ ကိုယ်ဇာတ်နဲ့ နိုင်အောင်ကရမယ့်သူသည် ပြည်နယ် အစိုးရပဲဖြစ်ပါတယ်။ ဒီအချက်ကို အခြေခံပြီးတော့မှ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြည်နယ်အစိုးရက ပြည်သူတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဘောင်အတွင်းက သမားရိုးကျ လုပ်နေမယ်ဆိုရင်တော့ ကွက်တိ မကျဘဲနေမှာပါ။ အခုနဲနဲ အံလျှော်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီအံလျှော်နေတာတွေကို ပြည်နယ်အစိုးရဟာ ပြည်သူတွေ၊ ပညာရှင်တွေ၊ အတွေ့အကြုံရှိသူတွေနဲ့ပေါင်းစပ်ပြီး လုပ်သွားမယ်ဆိုရင် တော့ အခြေအနေတိုးတက်မှုတွေရလာမယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်။

RiA။    ။ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေက ဗိုလ်ချုပ်မောင်မောင်အုန်းဟာ အင်မတန်ဆိုးရွားနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ အာရုံတွေကို ပြောင်းလဲနိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုလည်း အများကြီး လုပ်နိုင်ခဲ့တယ်ဆိုပြီး ပြည်သူတွေ မှတ်ချက်ပေးတာတွေ ရှိတယ်။ တစ်ဆက်တည်းမှာပဲ အခုအန်အယ်လ်ဒီအစိုးရနဲ့ ဝန်ကြီးချုပ်ဦးညီပုတို့ကို အခုနောက်ပိုင်းကာလတွေမှာ ဝေဖန်သံတွေ ထွက်လာနေတာ တွေ့ရတယ်။ ဒီအပေါ်မှာ ဝန်ကြီးချုပ်ဟောင်း တစ်ယောက်အနေနဲ့ လက်ရှိအစိုးရကို ဘယ်လို အကြံမျိုးပေးချင်ပါသလဲချင်ဗျား။

MMO။    ။ တကယ်တော့ ရခိုင်ပြည်သူတွေပေါ့။ ကျွန်တော်အမျိုးတွေလို့ပဲ ပြောပါရစေ။ ရိုးသားတယ်။ ကြိုးစားတယ်။ ရက္ခိတဆိုတော့ အမျိုးကို ချစ်သောလူမျိုး။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငြန်းနဲ့ နေခဲ့တယ်။ စသဖြင့်ပေါ့နော်။ ရိုးသားစွာနဲ့ စားသောက်ခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုအဖြစ်ဆိုးကြီးတွေနဲ့ ကြုံတွေ့ခဲ့ကြတဲ့အခါမှာ ခေတ်အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ အစိုးရတွေနဲ့ ဖြစ်ပွားခဲ့တဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီနေ့ ရခိုင်လူမျိုးတွေဟာ မေတ္တာငတ်နေတဲ့ ခံစားမှုတွေရနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်အခုနက ပြောခဲ့သလို အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းစဉ်တွေရှိတယ်။ ဒီလုပ်ငန်းစဉ်တွေကို လုပ်ရင်းနဲ့ တစ်ဖက်ကလဲ ပြည်သူတွေ ဘာလိုအပ်တာလဲ။ လိုအပ်ချက်တွေ အများကြီးပါပဲ။ ဒါပေမယ့် အဓိက လိုအပ်တာကတော့ ယုံကြည်မှု မေတ္တာ လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ယုံကြည်မှု မေတ္တာကို မတည်ဆောက်ဘူးဆိုရင်တော့ ကျန်တာ ဘယ်လိုမှ မရနိုင်ဘူး။ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးလုပ်ပေး ယုံကြည်မှုမရှိဘူး။ ပြည်သူတွေရဲ့မေတ္တာ ပြည်သူတွေရဲ့ယုံကြည်မှု ရဖို့လိုပါတယ်။ ဒီနေ့ပြည်နယ်အစိုးရကို ကျွန်တော် ကြီးကြီးမားမားတော့ အကြံမပြုလိုပါဘူး။ လူတိုင်း လူတိုင်းကတော့ သူ့အစွမ်းအစနဲ့သူ လုပ်ကြတာချည်းပါပဲ။ လုပ်နည်းလုပ်ဟန်လွဲတာရယ်။ အခြေအနေအချိန်အခါ မကိုက်ညီတာတွေ ဖြစ်ချင်ရင်ဖြစ်မယ်။ နောက်တစ်ခါ အဓိကလိုအပ်ချက် Key Point ကို မသိတာလဲ ဖြစ်ချင်ဖြစ်မယ်။ သိရက်နဲ့ မလုပ်နိုင်တာလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အခုအနေအထားမှာ ပြည်သူတွေရဲ့ ဆန္ဒကို ထဲထဲဝင်ဝင်သိဖို့လိုသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် ရခိုင်ပြည်သူပြည်သားအတွက် ခေါင်းခံတာဝန်ယူရမယ်ဆိုတဲ့ အခြေခံစိတ်လည်းရှိဖို့လိုပါတယ်။
ပြီးလို့ရှိရင် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေရှိတယ်။ သို့သော် ဒီလိုမျိုး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေကို နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ် ခိုင်းတဲ့အခါမှာလဲ အုပ်ချုပ်ရမယ့်သဘောသဘာဝ။ နိုင်ငံရေးအတွေ့အကြုံ။ မတစ်ထောင်သားတွေကို အုပ်ချုပ်တဲ့ အတတ်ပညာမရှိရင်လဲ သူ့အတွက်အခက်အခဲရှိပါတယ်။ သူဟာ လူတော်ပဲ။ လူကောင်းပဲ။ ဒါပေမယ့် သူ့လုပ်ငန်း မဟုတ်ရင်တော့ သူ့အတွက် အခက်အခဲရှိပါတယ်လို့ပဲမြင်ပါတယ်။ ပြည်နယ်အစိုးရဟာ အတွေ့အကြုံအားနည်းတဲ့အတွက် ဒီလိုမျိုးအခက်အခဲရှိတယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။

ဒါကြောင့်မို့လို့ ပြည်သူနဲ့ အများစုကလဲ ပြည်နယ်အစိုးရကို အကြံပြု ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို ပြည်နယ် အစိုးရအနေနဲ့လည်း ပြည်သူတွေဆီက အကြံအညာဏ်တွေ ကို ရယူပြီးတော့ လက်တွေ့ကျတဲ့ အလုပ်တွေကို လုပ်ဖို့လိုပါတယ်။ ဘာပဲပြောပြော ငါတို့က ဒီတိုင်းပဲ လုပ်မယ်ဆိုပြန်ရင်လဲ မျဉ်းပြိုင်လိုဖြစ်နေတယ်။ ကျွန်တော်ကတော့ ပြည်နယ်အစိုးရကို အကြံပြုရရင်တော့ အတွေ့အကြုံမရှိလို့ ဒီလိုအခက်အခဲဖြစ်တယ်လို့မြင်တယ်။ အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ အတွေ့အကြုံတွေကိုယူပါ။ ပြီးရင် ဒေသခံ ပြည်နယ်အစိုးရဖြစ်တဲ့ အတွက် အရာအားလုံးဟာ ကိုယ့်မှာပဲ တာဝန်ရှိတယ်လို့ ခံယူဖို့လိုပါတယ်။ ဗဟိုအစိုးရ လုပ်နေတယ်ဆိုပြီးတော့ သွားလို့လဲမရဘူး။ ဗဟိုအစိုးရဘယ်လိုပဲ လုပ်လုပ် ကိုယ်က ရခိုင်ပြည်နယ်ရဲ့ တာဝန်ခံဖြစ်တဲ့အတွက်။ အစိုးရဖြစ်တဲ့အတွက် ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စိတ်နဲ့ ရခိုင်ပြည်သူတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်တော့ တိုးတက်မှုတွေ ရှိနိုင်တယ်။ ဒီလိုမဟုတ်ဘူးဆိုရင်လဲ မှားသလားဆိုလဲမမှားဘူး။ မှန်သလားဆိုလဲ အပြည့်အဝမမှန်ဘူး။ အောင်မြင်မှုတွေ တုံ့ဆိုင်းနေတာပေါ့။ ကျွန်တော်တို့ကို အကြံအဉာဏ ်တောင်းခံမယ်ဆိုရင်တော့ ဝေဖန်တာ၊ အပြစ်ပြောတာထက် ကောင်းသောအကြံမျိုးတွေ ပြုပါရစေလို့ပဲပြောပါရစေ။

RiA။    ။ ဗိုလ်ချုပ်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတော့ ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ် အစိုးရကြားက ဆက်ဆံရေးရေးတွေ ဘယ်လိုရှိတယ်။ လွှတ်တော်နဲ့အစိုးရအပေါ်မှာရော ဘယ်လိုမြင်လဲ။

MMO။    ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း ကျွန်တော်ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့ ငါးနှစ်သက်တမ်းသည် ပထမဆုံးသော ဒီမိုကရေစီအစိုးရ။ ပထမဆုံးသော ဒီမိုကရေစီ လွှတ်တော်ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ငါးနှစ်တာကာလကတော့ အစိုးရနဲ့လွှတ်တော်က အစီးမကပ်တာ အမှန်ပဲဗျ။ ဗဟိုပိုင်းမှာလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ အစိုးရ အစည်းမကတ်သလို ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာလဲ အစိုးရနဲ့လွှတ်တော်ဟာ အစီးမကပ်ခဲ့ဘူး။ ဒီနေ့ကျွန်တော်လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေပြီ။ ပြောရတာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။ ပြီးခဲ့တဲ့ငါးနှစ်ကဆိုရင် လွှတ်တော်ဟာ အစိုးရကို ဘယ်လိုအပြစ်ပြောရမလဲ။ ဘယ်လိုဖဲ့ရမလဲ စဉ်စားနေတာ။ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တစ်ချို့ကိစ္စတွေမှာ အသေးလေးက အကြီးကြီးဖြစ်သွားတယ်။ ပြည်သူတွေ စိတ်ညစ်ရတယ်။ အစိုးရဘာလုပ်လုပ် စောင့်ဖမ်းနေတဲ့ အဖွဲ့တစ်ဖွဲ့သာဖြစ်တယ်။ ကျွန်တော်ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်ပါ။ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အစိုးရကို မကောင်းမပြောဘူး။ အားနည်းချက်ကို ထောက်ပြပြီးတော့ပဲ လိုအပ်ရင်တော့ ပြောသင့်ရင်ပြောမှာပေါ့။ အစိုးရလုပ်သမျှကို ကျွန်တော်တို့က ပုလိပ်စစ်သလိုမျိုး စစ်ပြီးတော့မှ အပြစ်ရှာဖို့မဟုတ် ဘူး။ ကျွန်တော်က အဲလိုခံယူတယ်။ ကျွန်တော် လွှတ်တော် စတက်ကတည်းက လွှတ်တော်ဥက္ကဌကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဒီလိုပြောခဲ့တာတွေ ရှိပါတယ်။

ဆိုတော့ ဒုတိယသက်တမ်း အစိုးရနဲ့ ဒုတိယ လွှတ်တော်ကတော့ ပြီးခဲ့တဲ့ ငါးနှစ်ထက် တိုးတက်မှုတွေရှိတယ်။ ကျွန်တော်တို့ ဘက်ကလဲ အစိုးရဘက်ကို နားလည်မှုရှိသလို အစိုးရဘက်ကလဲ ကျွန်တော်တို့ဘက်ကို နားလည်မှုတွေ တိုးတက်မှု ရှိလာတယ်လို့မြင်ပါတယ်။ အရင်တုန်းကဆိုရင် မင်းဘာလဲ ငါဘာလဲနဲ့။ အခုဆိုရင် ဟိုဘက်လဲပြည်သူ။ ဒီဘက်ကလဲပြည်သူ။ ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ်ပြီးတော့မှ အပြန်အလှန် ထိန်းကျောင်းသွားနေတဲ့ ဟာလေးတော့ တွေ့နေရပါပြီ။

သို့သော်လည်း မနေ့တစ်နေ့ကဖြစ်တဲ့ မောင်တောကိစ္စ၊ ဘင်္ဂါလီကိစ္စ၊ ကိုဖီအာနန်ကိစ္စတွေမှာ ကျတော့လဲပဲ အစိုးရ ဆောင်ရွက်နေတာနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့လည်း တခြားစီဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း ပြည်သူတွေ တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ပြည်သူနဲ့အတူ သွားဖြစ်တာပေါ့။ ဒီတော့ တစ်ချို့ဟာတွေမှာ ကျတော့ အစိုးရ ယနေ့သွားနေတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေရဲ့ဆန္ဒနဲ့ နဲနဲလွဲနေတဲ့ အခါကျတော့ အဆိုတင်သွင်းတဲ့ဟာမျိုးတွေ ဖြစ်လာရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လွှတ်တော်ဥက္ကဌကြီးကလဲ အများကြီးထိန်းကျောင်းပါတယ်။  လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကိုလဲ ထိန်းသိမ်းတယ်။ ကျွန်တော်တို့ အခုသွားနေတဲ့ လွှတ်တော်ရဲ့ အခင်းအကျင်းကတော့ ရခိုင်ပြည်နယ်ကို တည်ငြိမ်အောင်၊ ရခိုင်အမျိုးသားတွရဲ့ အခွင့်အရေးတွေကို ပိုရအောင်၊ အခြေအနေတွေ ကောင်းလာအောင်လို့ အစိုးရကို ဘယ်လိုအကြံပြုရမလဲ။ ဒီလို ထိန်းထိန်းသိမ်းသိမ်းသွားနေတဲ့အတွက် ယနေ့လွှတ်တော်ကတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်နဲ့ စာရင်တော့ အများကြီး တိုးတက်မှုရှိတယ်လို့။ ဒီလိုပဲပြောပါရစေ။

RiA။    ။ အခုဖြစ်ပွားနေတဲ့ မောင်တောအရေးကိစ္စနဲ့ ပါတ်သက်ပြီးတော့ ဗိုလ်ချုပ် ဘယ်လိုမြင့်ပါသလဲ။ အဲဒီပြဿနာ ဖြစ်ပွားတာဟာ ဘာကြောင့် အခုလိုမျိုးဖြစ်လာရတယ်လို့ ထင်ပါသလဲ။  

MMO။    ။ ဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ခဲ့တာပေါ့နော်။ ဒီဖြစ်စဉ်ဟာ သာမာန်ဖြစ်စဉ်တော့ မဟုတ်ဘူး။ အင်မတန်အရေးကြီးတဲ့ ဖြစ်စဉ်ဖြစ်တယ်။ နိုင်ငံတော် အဖွဲ့အစည်းတစ်ခုရဲ့ လက်နက်တွေကို ဒီလိုမျိုး သိမ်းဆည်း ယူဆောင်တယ် ဆိုတာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာ။ နိုင်ငံတော်ကို ပုန်ကန်တာလို့ ယူဆလို့ရတယ်။ ဒါ သိပ်အရေးကြီးတယ်။ ဆိုလိုတာက အခု ဒီဘင်္ဂါလီလူမျိုးတွေမှ မဟုတ်ဘူး။ ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုပ်ရင်တော့ နိုင်ငံတော်က လက်မခံဘူး။ တပ်မတော်က လက်မခံဘူး။ သူတို့မို့လို့ မဟုတ်ဘူး။ ဗမာပဲဖြစ်ဖြစ်။ ရှမ်းပဲဖြစ်ဖြစ်။ ရခိုင်ပဲဖြစ်ဖြစ်။ ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါလုပ်ရင်တော့ နိုင်ငံတော်အဆင့်က ဒါကို လက်ခံလို့မရဘူး။ ပိုပြီးတော့ အရေးကြီးတာက အခုလုပ်တဲ့ သူတွေဟာ နိုင်ငံသားမဖြစ်သေးတဲ့ သူတွေဖြစ်နေတယ်။ သမိုင်းကြောင်းပြောရရင်လဲ အင်္ဂလိပ်တွေပြန်သွားပြီးတဲ့ နောက်ပိုင်း လက်နက်တွေကို ထားခဲ့တဲ့ အချိန်မှာ “မူဂျာဟစ်”ဆိုပြီးတော့မှ လုပ်ခဲ့ကြတယ်။ ဒါဟာလဲ ဒီလိုသဘောတရားလေးတော့ သွားဆန်တယ်။ ရည်ရွယ်ချက်တော့ ဒီသဘောပဲ။ သို့သော် အဖြေတော့ မထွက်သေးဘူးပေါ့နော်။

လက်နက်ကိစ္စ အရေးကြီးတဲ့အချိန်မှာ အခုလိုမျိုး သမိုင်းကြောင်းနဲ့ ယှဉ်ပြောမှ။ မတူညီတဲ့အဖွဲ့အစည်းနှစ်ခုရဲ့ ပြဿနာဖြစ်နေတဲ့ အချိန်မှာ ဒီလိုဖြစ်တာကတော့ အင်မတန်ဆိုးသွားတယ်။ ပိုဆိုးတာက မစ္စတာ ကိုဖီအာနန်ကော်မရှင်ဖွဲ့တဲ့ ကိစ္စပါပဲ။ ပြောချင်တဲ့ လိုရင်းကတော့ အရင်အစဉ်အဆက်က ဒီကိစ္စကို ပြည်တွင်းရေးအနေနဲ့ပဲ နိုင်ငံတကာကိစ္စ မဖြစ်အောင် ကိုယ့်ဟာကိုယ်ပဲ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တယ်။ နိုင်ငံတကာဆို ကျယ်ပြန့်သွားမှာစိုးလို့။ နိုင်ငံတကာကလဲ အရေးအခင်းဖြစ်အောင် နည်းမျိုးစုံနဲ့ အိုအိုင်စီ အပါအဝင်အားလုံးက နိုင်ငံတကာ အရေးအခင်း ပုံဖော်ကြတာပေါ့။ ယူအန်မှာဆိုလဲ Resolution တွေတင်ကြတယ်။ ကျွန်တော်ဆိုလဲ ဝန်ကြီးချုပ်ဘဝ တုန်းက ဂျီနီဘာကို ရောက်တယ်။ အမေရိကန်ကို ရောက်တယ်။ မစ္စတာဘန်ကီမွန်းနန့်တွေ့တာတို့ ဒီကိစ္စကိုလဲ ကျွန်တော်လက်ထက်မှာ တော်တော် ဖြေရှင်းခဲ့ရတယ်။ နိုင်ငံတကာ Issue မရောက်အောင် ပြည်တွင်းရေးကိစ္စကိုပဲ နိုင်ငံတကာကို အသိပေးတာပေါ့။ ရှင်းရခက်မှာစိုးလို့။
သို့သော် ယနေ့ အစိုးရခေတ်မှာတော့ မစ္စတာကိုဖီအာနန်ကို ဥက္ကဌအဖြစ်ခေါ်လိုက်တဲ့တွက် ကျွန်တော်တို့ လက်ထက်တုန်းက ပြည်တွင်းရေးကိစ္စဟာ နိုင်ငံတကာအရေး အခင်းလိုမျိုး ပုံစံဖြစ်သွားပြီးတော့မှ နိုင်ငံတကာ အဖွဲ့အစည်းတွေလဲ ပိုပြီးတော့ လုပ်ကိုင်ခွင့်တွေ ရလာတယ်။ ကျယ်ပြန့်လာပြီးတော့ အန္တရာယ်ကြီမားလာခဲ့တယ်။ မစ္စတာ ကိုဖီအာနန်ကိစ္စဟာလဲ ဓါးသွားပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ တစ်ချက်မှားတာနဲ့ ပေးဆပ်ရမှာ အများကြီးဖြစ်တယ်။ သူ့ဟာသူ အကြံပဲပြုပြု ဘာပဲပြုပြု ကမ္ဘာက အသိအမှတ်ပြုမှာ မှတ်တမ်းထားမှာဖြစ်တဲ့အတွက် လွဲသွားရင်တော့ ခက်တာပေါ့။ ကျွန်တော်လဲ ဒီတစ်ခေါက် ကိုဖီအာနန်လာရင်တွေ့ပြီး့ ပြောစရာရှိတာတော့ ပြောရမယ်ထင်တယ်။

လူ့အခွင့်အရေးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မစ္စတာကိုဖီအာနန်ဟာ လူကောင်းကြီးဖြစ်ချင်ဖြစ်မယ်။ လူတော်ဖြစ်ချင်ဖြစ်မယ်။ ယုံကြည်ပါတယ်။ သို့သော် သူလာတဲ့အမြင်ကတော့ လူ့အခွင့်အရေး၊ လူသားချင်းစာနာတဲ့အမြင်နဲ့ပဲမြင်တယ်။ ကျွန်တော်တို့ရခိုင်ကိစ္စ ဘင်္ဂါလီ Issue က လူ့အခွင့်အရေးအရ လူတိုင်း လာဖန်တီးလို့မရဘူး။ သမိုင်းကြောင်းတွေ၊ ရခိုင်တိုင်းရင်းသားရဲ့ခံစားမှုတွေ၊ ပြီးရင်ဥပဒေတွေ၊ အချုပ်အခြာအာဏာတွေ ဒါတွေကိုချိန်ဆပြီးတော့မှ သူကဆုံးဖြတ်ရမှာ။ လူ့အခွင့်ရေးနဲ့ပဲ သွားနေရင် ကျွန်တော်တို့လူတွေ မိအေး သုံးခါနာသွားနိုင်တဲ့အတွက် ဘောင်အတွင်းကနေပြီးတော့ အမှန်တရားရလာအောင် ပြင်းပြင်း ထန်ထန်ဖော်ထုတ် ရမယ်။

အဲဒီမှာ ပါဝင်တဲ့ ၇ ယောက်သော ပညာရှင်တွေ၊ ဆရာမကြီးတွေ၊ ဆရာကြီးတွေပါပါတယ်။ လေးစားပါတယ်။ အဲဒီလူ ၇ ယောက်အနေနဲ့လဲ ဒီကိစ္စကိုမားမားမတ်မတ် ရပ်တည်ပေးဖို့လိုပါတယ်။ သူတို့ရဲ့အားကလဲ အရေးကြီးပါတယ်။ မောင်တောကိစ္စက အင်မတန် အရေးကြီးတဲ့ကိစ္စဖြစ်သွားပြီ။ ပြည်သူတွေလဲ ကြောက်ရွံ့မှုနဲ့အတူ မောင်တောဒေသကို စွန့်ခွာပြီး သွားတဲ့သူတွေရှိနေတယ်။ အင်မတန် ရင်လေးဖို့ကောင်းပါတယ်။ အစိုးရကလဲပြောပါတယ်။ ဒေသ စွန့်ခွာသွားရင်မကောင်းဘူး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေပြောပြီ။ ဟိုဘက်ကိုလဲပြောပါပြီ။ ကိုယ့်နိုင်ငံ အတွင်းမှာနေရင် ဥပဒေကိုလိုက်နာ။ မလိုက်နာရင်မနေနဲ့။

ကျွန်တော်က ဝန်ကြီးချုပ်လဲ လုပ်ခဲ့ပြီးပြီ။ ပြည်သူလဲဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ဟိုဘက်ဒီဘက် အကုန်သိတယ်။ မသွားပါနဲ့ပြောရင်လဲ မသွားအောင် လုပ်ပေးရမယ့်ဟာတွေရှိတယ်။ လုံခြုံမှုတွေ။ လုပ်ကိုင် စားသောက်လို့ရမယ့် အခွင့်အလမ်းတွေ။ နှစ်ရာခိုင်နှုန်းပဲရှိပြီးတော့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းရှိတဲ့ အကြားထဲမှာ နေရမယ့် ကိုယ့် ရခိုင်တိုင်းရင်းသားရဲ့ ခံစားမှုတွေကို အပေါ်ယံမဟုတ်ဘဲနဲ့ ထဲထဲဝင်ဝင် လက်တွေ့ကျကျ လုပ်တဲ့အပြင် မေတ္တာတွေ၊ နားလည်မှုတွေ ပေးဖို့လိုပြီ။ အစိုးရလဲလုပ်ရမယ်။ ရခိုင်တိုင်းရင်းသားတွေ အားလုံးဝိုင်းရံပြီးတော့ ပူးပေါင်း ဆောင်ရွက်မှရမယ်။ တပ်မတော် တစ်ခုတည်း၊ အစိုးရ တစ်ခုတည်းသွားလုပ်လို့လဲမရဘူး။ ဒီကိစ္စဟာ ပြည်သူတွေပါ ပါဝင်ပြီးတော့မှ အမျိုးသားရေး အသွင်သဏ္ဍန်ကို သွားရမှာဖြစ်ပါတယ်။

အဲဒီတော့ လုံခြုံရေးပိုင်းကို တပ်ကလုပ်မယ်။ အုပ်ချုပ်ရေးပိုင်းကို အစိုးရကလုပ်မယ်။ ပြည်သူတွေကကော ဘာလုပ်မလဲ။ သုံးသပ်ပြီးတော့ အားလုံးဆွေးနွေးရမှာပေါ့နော်။ ဒါတွေကမဖြစ်သင့်တဲ့ကိစ္စပါ။ အရင်တုန်းကလဲ “မူဂျာဟစ်”ဆိုတဲ့ ကိစ္စတွေဖြစ်ခဲ့ဖူးတယ်။ အခုပြဿနာတွေ တက်နေတယ်။ ၁၉၈၂ အက်ဥပဒေနဲ့ လုပ်ရမယ့်ဟာတွေလဲ မလုပ်နိုင်သေးဘူး။ အရင်တုန်းကလဲ နိုင်ငံရေးအရ အင်မတန် နက်နဲတဲ့ကိစ္စကြီးတစ်ခုဟာ အခုအခါမှာ လက်နက်ပါ ပါလာတဲ့အတွက် ပိုပြီးတော့ ရှုပ်ထွေးလာတယ်။ ကျွန်တော် အင်မတန်စိုးရိမ်ပါတယ်။ ဒီဒေသကြီးက နိုင်ငံတကာက အာရုံစိုက်မဲ့ ပစ်မှတ်ဇုံပဲ ဖြစ်သွားမလား။ တခြားနိုင်ငံတွေမှာလဲ အဲလိုတွေဖြစ်နေတယ်။ ဘာသာမတူတဲ့ အဖွဲ့အစည်းနှစ်ခုကြားထဲမှာ ပြဿနာေ တွဖြစ်ပြီးတော့ စစ်မက်ဇုံလို ဖြစ်သွားနိုင်မလား။ လုံးဝအဖြစ်မခံနိုင်ဘူး။ စစ်သားတစ်ယောက်လို ပြောရရင်တော့ အသက်ပဲသေပါစေ။ လုံးဝအဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့လူတွေ ဒီကိစ္စကိုတိတိကျကျ ပြင်းပြင်း ထန်ထန် ဆောင်ရွက်ရမယ်။

တစ်ဖက်ကလဲ လူ့အခွင့်အရေးအရ လူသားချင်းစာနာတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာပြီးတော့ လုပ်ရမှာဖြစ်တယ်။ သို့သော် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုယ့်ဥပဒေနဲ့ ကိုယ့်ဒေသခံတွေရဲ့ ဆန္ဒနဲ့လျော်ညီစွာ အလေးထား ဦးစားပေးဆောင်ရွက်ရမယ်။ ပြတ်ပြတ်သားသား လုပ်ရမယ်လို့ပြောချင်တယ်။

RiA။    ။ လက်ရှိမှာ အကြမ်းဖက်တွေရဲ့ ကိစ္စကို တပ်မတော်ဘက်ကရော ပြည်ထဲရဲကပါ ပူးပေါင်းပြီး ရှင်းလင်းနေတာတွေ တွေ့နေရတယ်။ အခုလို အနေအထားမျိုးနဲ့ အဲဒီ အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား ရှင်းလင်းနိုင်မယ်လို့ ယူဆပါသလား။ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ တိုင်းရင်းသား ဒေသခံတွေ မိမိနေရာမှာ ပြန်နေနိုင်ဖို့ အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ လူမှုဘဝ လုံခြုံမှုတွေအတွက် ဘယ်လို လုပ်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ နည်းလမ်းသစ်တွေများ ရှိပါသလားခင်ဗျား။

MMO။    ။ အစကတော့ စီမံချက်ရှိပါတယ်။ တစ်ဖက် အဖွဲ့အစည်းကိုပေါ့။ နိုင်ငံသား စိစစ်ရေးကိစ္စတွေ။ နယ်စပ်ဖြတ်ကျော်မှု ကိစ္စတွေ မလုပ်နိုင်သေးတဲ့ အချိန်မှာ။ လုပ်နေဆဲမှာ။ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးတော့ ရှိရမယ်။ စစ်တွေမှာ ဘင်္ဂါလီ အိုင်ဒီပီတွေရှိတယ်။ သူ့ဟာသူ နိုင်ငံသားဖြစ်တာတွေ မဖြစ်တာတွေ။ ကျန်တဲ့ ကိစ္စတွေက တစ်မျိုး။ ဥပဒေစိုးမိုးရေးတော့ ရှိရမှာဘဲ။ ဒို့နိုင်ငံအတွင်းမှာ နေလို့ကတော့ ဥပဒေ စိုးမိုးမှုရှိနေရမယ်။ နေချင်တိုင်းနေ လုပ်ချင်တိုင်း လုပ်နေလို့တော့ မရဘူး။

သို့သော်လဲ အဲလို လုပ်မယ်ဆိုတဲ့အခါမှာ ပြဿနာတွေက အရင်တုန်းက အများကြီးဖြစ်ခဲ့တာပေါ့။ ဝင်တာနဲ့ တစ်ပြိုင်နက် လက်မခံတာတို့ ဘာတို့ညာတို့။ နှစ်ဖက်အဖွဲ့အစည်းတွေ ပြဿနာဖြစ်မှာစိုးလို့ ဖာဖာထည်းထည်းနဲ့ ထိန်းခဲ့တာတွေ ရှိပါတယ်။ တကယ်တော့ သူတို့တွေကို တရားဥပဒေ စိုးမိုးရေး လုပ်ကိုလုပ်ရမယ်။ အခုလဲ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ မယုံဘူး။ ဥပဒေစိုးမိုးရေးအတွက် လုပ်တယ်။ ဒါကို လက်ခံပေးပါ။ ဒါပဲ။ မဟုတ်တဲ့ လူကို ဘာမှလုပ်စရာ အကြောင်းမရှိဘူး။ အစစ်မခံလို့တော့ မရဘူး။ ဥပဒေစိုးမိုးရေးကို လုပ်မယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ Progress တွေ ရလာနိုင်ပါတယ်။ ဥပဒေစိုးမိုးရေးကို မလုပ်ဘဲနဲ့ အခြား ဘက်လိုဟာမျိုးကို ယာယီ လုပ်ရင်လဲ မရနိုင်ဘူး။ ရှင်းပြီးတာနဲ့ တစ်ပြိုင်နက် ဥပဒေစိုးမိုးမိုးရေးကို လုပ်ပြီးရင် ပေးသင့်တဲ့ အခွင့်အရေးကိုပေးရမယ်။ ကိုယ့်နိုင်ငံမှာနေရင် ကိုယ့်နိုင်ငံက ဥပဒေကို လိုက်နာမလား။ မလိုက်နာရင် ဘာအက်ရှင်ယူမလဲဆိုတာနဲ့ သူတို့ကို ကိုင်တွယ်ရမယ်။

တပ်မတော် ဆိုတာကတော့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို တိုက်ရိုက်မဆိုင်ဘူး။ ကာကွယ်ရေး သီးသန့်ပဲသွားမယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲ၊ ပြည်နယ်အစိုးရ၊ လဝက ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဥပဒေနဲ့အညီ Team နဲ့ဝင်ရမယ်။ နိုင်ငံသားစာရင်းကောက်တာလောက် မဟုတ်ဘဲ အဲဒီအပြင်ကို ပညာရေး၊ ကျန်းမာရေး၊ ပြည်ထဲရေး အကုန်ဝင်ပြီး ကျွန်တော်တို့နေတဲ့ ပုံစံအတိုင်း လိုက်နာတဲ့ သူတွေဖြစ်အောင်လုပ်မယ်ဆိုရင် တိုးတက်မှုတွေ ရနိုင်တယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ လုံခြုံရေးတစ်ခုတည်း လုပ်နေပြီး ကျန်တာတွေ မဝင်ပြန်ရင်လဲ မရနိုင်ဘူးလို့ထင်တယ်။ အရင်လုပ်ခဲ့တဲ့ နည်းစနစ်တွေက အားနည်းချက်တွေရှိတယ်။

နေရပ်စွန့်ခွာ မသွားကြအောင် စီစဉ်ပေးတယ် ဆိုပေမယ့်လဲ တိုင်းရင်းသားလူမျိုးစုတွေက ဒေသကိုချစ်တဲ့စိတ်နဲ့နေပြီလား။ စီးပွားရေးတွေ အဆင်ပြေပြီလား။ လုံခြုံမှုတွေ၊ ပညာရေးတွေအဆင်ပြေပြီလား ကျွန်တော်တို့လုပ်ဖို့လိုတယ်။ နေခိုင်းရုံနဲ့တော့ မပြီးဘူးပေါ့။ ရွာတွေ ဆောက်ပေးတယ်။ ထောက်ပံ့ပေးရုံနဲ့ မပြီးသေးဘူး။

လုံခြုံမှုတွေပေးသလို နွေးထွေးတဲ့ မေတ္တာ။ သူတို့ဘဝတွေ ရှင်သန်ဖို့။ ပြီးရင်အမျိုးသားရေးစိတ်။ ဒါတွေက အကုန်ချိတ်ဆက်နေတယ်။ ပြည်သူက လုံခြုံမှုကျတော့လဲ ပြည့်သလိုလို မပြည့်သလိုလို။ တိုးတက်မှုကျတော့လဲ ရှိသလိုလိုမရှိသလိုလို။ စီးပွားရေးကျတော့လဲ ဒီလိုပဲ။ ပြည်သူမှာလက်နက်လဲမရှိဘူး။ ဒီလောက်များပြားတဲ့တစ်ဖက်လူတွေ ကြားထဲမှာ နေရတာအားငယ်တာပေါ့။ ပြည်နယ်အစိုးရအနေနဲ့ လုပ်တဲ့ကိုင်တဲ့နေရာတွေမှာ ရုပ်ပိုင်းဆိုင်ရာကိုလုပ်သလို စိတ်ပိုင်းဆိုင်ရာတွေကိုလဲ ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားသင့်တယ်။

အဓိကကတော့ မောင်တောဒေသမှာ ကိုယ့်ပြည်သူတွေပြန်ရောက်ဖို့ ၁။ တည်ငြိမ်ဖို့။ ၂။ လုံခြုံဖို့။ ၃။ ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်ပြီးတော့ အခြေချနေနိုင်ဖို့အတွက် ကျွန်တော်တို့တွေ အများကြီးပြောရမယ်။ အားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့မရဘူး။ ဒီလိုပဲပြောပါရစေ။

RiA။    ။ ဗိုလ်ချုပ်အနေနဲ့ ဒီအကြမ်းဖက်မှုဟာ နောက်ကို ဘယ်လိုဖြစ်လာနိုင်သလဲ။ ဆိုးလာနိုင်သလား။ ကောင်းသွားနိုင်သလား။ ဘယ်လိုမြင်သလဲ ခင်ဗျား။

MMO။    ။ တပ်မတော်ကတော့ ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ရှိနေပြီပေါ့နော်။ သို့သော်လည်း နိုင်ငံရေး အခင်းအကျင်းအရ ဒီမိုကရေစီ အစိုးရလက်ထက်မှာ တပ်မတော်သည်သာ နိုင်ငံတော် လုံခြုံရေးတာဝန်ကို ထမ်းဆောင်တာဖြစ်တဲ့အတွက် အဲဒီဘောင်ကို ကျော်လို့တော့ မရဘူး။ အကန့်အသတ်နဲ့ ဖြစ်နေတယ်။ အဲလိုဖြစ်နေတဲ့ အတွက် နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်မှုအပိုင်းကလဲ အင်မတန်အရေးကြီးလာပြီ။ အခုတော့ ပြည်တွင်းရေးကိစ္စက နိုင်ငံတကာကိစ္စလို သွားဖြစ်နေပြီ။ မစ္စတာကိုဖီအာနန်ကိုလဲ ခေါ်ထားတယ်။ နိုင်ငံတကာကလဲ ဖိအားတွေပေးနေတယ်။ အစိုးရက ပြည်တွင်းရေးလဲ ထိန်းရတယ်။ နိုင်ငံတကာလဲထိန်းရတယ်။ နိုင်ငံတကာနဲ့ အဆင်မပြေပြန်ရင်လဲ ကိုယ့်နိုင်ငံ ထိခိုက်တာနဲ့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးထိခိုက်တာပဲ။ ဒါတွေဟာ အကုန်လုံးချိတ်ဆက်နေတယ်။

ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာ နှစ်ပိုင်းရှိတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ။ ဒါကို ထိပါးလို့လုံးဝမရဘူး။ တစ်ချို့က ဒီအစိုးရ အားမရဘူး။ နောက်ကျတယ်ဆိုတာ နောက်ကျနေလို့ပြောတာ။ ကျွန်တော့်အမြင် ပြောရရင်တော့ ဒီကိစ္စဟာ အချုပ်အခြာအာဏာ ထိခိုက်တာဖြစ်တဲ့အတွက် လုံးဝလက်မခံဘူး။ ဒါကိုအရင်ပြောရမှာ။ ပြီးမှ အသေးစိပ်ဖော်ထုတ်တာကို တစ်ပိုင်း သွားသင့်တယ်။ အခုက သေချာမှပြောမယ်ဆိုတော့ တစ်ချို့ဟာတွေက ပြည်တွင်းမှာ ယုံကြည်မှုလျော့သွားတာပေါ့။ အစိုးရ လုပ်တာကို မှားတယ်လို့ပြောတာ မဟုတ်ပါဘူး။ ကိုယ့်အမျိုးသားရေးနဲ့ ပါတ်သက်လာရင်တော့ သူများနိုင်ငံတွေမှာလဲ ဒီလိုပါပဲ။ နိုင်ငံသား တစ်ယောက်ထိရင်တောင် မခံဘူး။ ဒီကိစ္စဟာအကြီးကြီးပဲ။ ဒါကြောင့် လက်လွတ်စံပါယ်မလုပ်ဘူးဆိုတာကို ပြောသင့်တယ်လို့ ကျွန်တော်ကမြင်တယ်။
နောက်ဆုံးအခြေအနေကို ပြန်သုံးသပ်တာကတော့ ထိန်းထိန်းသိမ်းသိမ်းလဲ ရှိနေပြီ။ သတင်းမှန်တွေကိုလဲ နိုင်ငံတော်က ထုတ်ပြန်ပြီးမှ ကမ္ဘာကိုလဲ ပြထားပြီးပြီ။ မစ္စတာ ကိုဖီအာနန်ရဲ့စုံစမ်းရေး အဖွဲ့တွေကလည်း လွန်ခဲ့တဲ့ သုံးလေးရက်က ဒါကို ရှုတ်ချတယ်ဆိုတာကိုလည်း ပြောနေကြပြီ။ ဆိုတော့ ကျွန်တော်တို့ အခုဘာလုပ်ရမလဲ ဆိုရင် သူ့အမှားကို ကိုယ့်အမှားမဖြစ်အောင် ထိန်းဖို့လိုပါတယ်။ ဖမ်းဆီးတာတွေလုပ်တဲ့ အပိုင်းမှာလဲ သူ့ဘောင်အတွင်းက လုပ်နေတာ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးကျော်ဆွေပြောတာ မှန်ပါတယ်။ ဒို့မတရားတာ မလုပ်ဘူး။ လက်တော့မခံဘူး။ အရေးယူမယ်။ မကျေနပ်ရင် လာကြည့်။ ကျွန်တော်တို့ဟာ အပြစ်ဖြစ်လာတဲ့သူတွေကို ဒို့နိုင်ငံအနေနဲ့ လက်လွတ်စလွယ် မလုပ်ဘူး ဆိုတာကိုလဲ ကမ္ဘာကသိအောင်ပြရမယ်။ ဒါပေမယ့် တိတိကျကျနဲ့ ငါတို့ လုံးဝလက်မခံဘူးဆိုတာကို ပြရမယ့် ဒီအနေအထားလေးမှာ နိုင်ငံတော် အစိုးရအနေနဲ့တော့ လိမ်မာပါးနပ်စွာနဲ့ နိုင်ငံတကာနဲ့လဲ အဆင်ပြေအောင် ကိုယ့်ပြည်သူတွေလဲ လက်ခံအောင် ဟန်ချက်ညီညီ လုပ်ဖို့တော့လိုတယ်။

ဒီနေရာမှာ ပြည်နယ်အစိုးရက အရေးကြီးလာပါပြီ။ ပြည်နယ်အစိုးရရဲ့ Respond တွေပေါ့။ ဒါတွေဟာ ရိုက်ခတ်တယ်။ သူ့ရဲ့တုံ့ပြန်မှုတွေကို ဗဟိုက စောင့်ကြည့်နေတာ။ ဒီက ဘာမှမတိုင်လဲ ဗဟိုက ပြောနေမှာ။ ဒီကနေ တကယ့် လုပ်သင့်တဲ့ဟာတွေကို တင်ပြပြီးတော့မှ အဲဒီအတိုင်း ဆောင်ရွက်ဖို့ တောင်းဆိုသင့်တယ်။ ဗဟိုအစိုးရဟာ အဲလောက်ထိ ထဲထဲဝင်ဝင် မသိဘူး။ သူက အကုန်အုပ်ချုပ်နေတာ ဆိုတော့ ကိုယ့်ဒေသက တည်ငြိမ်နိုင်တဲ့ အချက်အလက်တွေကို စုဆောင်းပြီးရင် ဒါတွေကို ဗဟိုအစိုးရ ဆီကို သီးခြား တင်ပြပြီးတော့ အထူး အခွင့်အရေး တစ်ရပ်အနေနဲ့ အထူး လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်ခွင့်ပေးမယ်ဆိုရင် အခြေအနေတွေ ငြိမ်သွားမယ်လို့ထင်ပါတယ်။

အခုလဲပဲ အားလုံး ဝိုင်းဝန်းဆောင်ရွက်နေတဲ့အတွက် ဒီပြဿနာဟာ ငြိမ်သွားမယ်လို့တော့ ကျွန်တော်ယုံကြည်တယ်။ ငြိမ်သွားတယ်ဆိုတာ ပြီးသွားတာမဟုတ်ပါဘူး။ နောက်ဆက်တွဲတွေမှာ ပြဿနာတွေ အမျိုးမျိုး မကြာမီ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ငြိမ်တယ် ဆိုတာနဲ့တစ်ပြိုင်နက် ဇက်တိုက်ဇက်တိုက် လျော့မသွားဘဲ ပိုပြီးတော့ ထဲထဲဝင်ဝင်နဲ့ ကိုယ့်နိုင်ငံရဲ့ မြေတစ်လက်မမှ မဆုံးရှုံးရအောင် ဆိုတဲ့ သဘောနဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ ဒီလိုပဲအကြံပြုပါရစေ။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly