မောင်တောခရိုင် အတွင်းရှိ အစိုးရ ဝန်ထမ်းများအား လုံခြံုရေး သတိပေးချက် ထုတ်ပြန်

မောင်တောခရိုင် အတွင်းရှိ အစိုးရ ဝန်ထမ်းများအား လုံခြံုရေး သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၆ ။  ။ မောင်တောခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများကို RSOနှင့် ပတ်သက်သော လုံခြုံရေး သတိပေးချက် တစ်ရပ်ကို မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၁၆ရက်တွင် အရေးပေါ်ထုတ်ပြန်လိုက်သည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် RSO အဖွဲ့နှင့် Isilamic အဖွ့ဲတို့ ပူးပေါင်းမည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးစပ်သောမောင်တောခရိုင်အတွင်း လုံခြုံရေး သတိရှိရန်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းထားသည်။
 
"ဌာနဆိုင်ရာဝန်ထမ်းတွေကို စာထုတ်တယ်လို့ကြားတယ်။ အရပ်သားတွေကိုတော့ ဘာမှမပြောပါဘူး"ဟု မောင်တော အမျိုးသားဖောင်ဒေးရှင်းမှ ဦးအောင်ကျော်သန်းကပြောသည်။
 
ထိုသတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ မောင်တောခရိုင် အုပ်ချုပ်ရေးဌာနကို မဇ္ဈိမက မေးမြန်းသော်လည်း အတည်ပြုခြင်း မရှိပေ။ သို့သော် ထုတ်ပြန်စာကို လက်ခံရရှိကြောင်း မောင်တော အလယ်သံကျော်ကျေးရွာမှ ကျောင်းဆရာ ကိုကျော်ဆန်း က အတည်ပြုသည်။
 
"RSO အန္တာရယ်ရှိတဲ့အတွက် အသွားအလာဆင်ခြင်ဖို့စာထုတ်တယ်၊ လုံခြုံရေးတော့မပေးဘူး တစ်ယောက်တည်း မသွားမလာ ဖို့ပြောတယ် "ဟု ကိုကျော်ဆန်းက မဇ္ဈိမကိုပြောသည်။
 
ရွေးကောက်ပွဲတွင် ဘင်္ဂလီများ မဲထည့်နိုင်ခြင်း အခွင့်အရေး ဆုံးရှုံးခြင်းကြောင့် အကြမ်းဖက်ရန် ကြံစည်နေခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

မောင်တောမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင် ဦးဆဖီးက "လုံခြုံရေးက ပုံမှန်ပဲရှိပါတယ်၊ ဌာနဆိုင်ရာတွေကို စာထုတ်တယ်လို့တော့ ကြားပါတယ် အသေအချာတော့မသိပါဘူး"ဟု ပြောသည်။

မောင်တောခရိုင်သည် ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။

မောင်တောဒေသတွင် အစ္စလာမ်ဘာသာဝင် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိပြီး ထိုဒေသတွင် တာဝန်ကျသော ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လုံခြုံရေး ချထားပေးရန် လိုအပ်သည် ဟု ၎င်းက သူ့အမြင်ကို ပြောသည်။

မောင်တောခရိုင်အတွင်း ၂၀၁၄ ဇွန်လ အတွင်းက ယခုကဲ့သို့ လုံခြုံရေး သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly