လက်ရှိမုန်တိုင်း အိန္ဒိယဖက်ကို ရွေ့နေသော်လည်း နောက်တစ်လုံး ဖြစ်လာနိုင်သေး

လက်ရှိမုန်တိုင်း အိန္ဒိယဖက်ကို ရွေ့နေသော်လည်း နောက်တစ်လုံး ဖြစ်လာနိုင်သေး

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။                          ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းသည် အိန္ဒိယဖက်သို့ရွေ့နေသော်လည်း အဆိုပါမုန်တိုင်းနှင့် တပြိုင်နက်ထဲ   နောက်ထပ် မုန်တိုင်းတစ်ခု ဖြစ်ပွားနိုင်သေးကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် ကပြောဆိုလိုက်သည်။

“ မုန်တိုင်းက ဟိုဘက်ပြန်ကွေ့နေပြီ ဒီဘက်မလာတော့ပါဘူး။ အိန္ဒိယဖက်ပြန်ကွေ့နေပါပြီ ကွေ့တော့မှာပါ နောက်ရက်ပိုင်း လကုန်ပိုင်းလောက်ဆိုရင် အိန္ဒိယကို ဖြတ်တော့မှာပါ။ ၂၈ / ၂၉ လောက်ပေါ့။  နောက်တစ်လုံးက အရှေ့လေပွေလှိုင်းလို့ခေါ်တယ်။ ဒီ …. ထိုင်းပင်လယ်ကွေ့ကနေပြီးတော့ လာတာ။ သူက မွန်၊ ကရင် ဖြတ်ပြီးတော့ မြစ်ဝကျွန်းပေါ်ဖြတ်ပြီးတော့ ရခိုင်ရိုးမကျော်ပြီးတော့ ဘင်္ဂလားပင်လယ်အော် ထဲဆင်းသွားတဲ့ခါမှာ အားပြုပြီးတော့ မုန်တိုင်းတစ်ခုပြန်ဖြစ်လာနိုင်တာ အဲ့တာက သူလည်း လကုန်လောက်။ အခုလက်ရှိမုန်တိုင်းတောင် မပျက်သေးဘူးပေါ့နော်။ တပြိုင်နက်ထဲ ဖြစ်တဲ့သဘောဖြစ်တယ်။ “ ဟု ဦးထွန်းလွင်က ဆိုသသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ ၂၄ ရက် မြန်မာစံတော်ချိန်(၀၅း ၃၀)တွင်  တိုင်းထွာချက်များအရ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၈၀)ခန့်၊ ဟိုင်းကြီး ကျွန်းမြို့၏ အနောက် တောင်ဘက် (၁၁၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင်(၁၆၀)ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ယနေ့ ၁၀ နာရီ ခွဲခန့်တွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ် သည်အရှေ့-ရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ချက်တွင်   ဖော်ပြပါရှိသော်လည်း မုန်တိုင်းထပ်ဖြစ်နိုင်ခြေကိုမှု ထည့်သွင်းဖော်ပြခြင်းမရှိသေးပါ။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

ယခုဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းသည် အောက်တိုဘာ (၂၈/ ၂၉ ရက်) ခန့်တွင် အိန္ဒိယသို့ဝင်ရောက်တိုက်ခတ်နိုင်ပြီး ဒီနှစ်အကုန်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း (၃)ကြိမ် မှ (၅) ကြိမ်အထိ ဖြစ်နိုင်သေးကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

“ အဲ့တာပြောတာ ဒါပေမယ့်တစ်ခုကတော့ တစ်ခုစီပေါ့နော်။ အခုဖြစ်နေတာက ဒီဘင်္ဂလားပင်လယ်အော်ကဖြစ်တာ နောက်လာတာက အရှေ့ဘက်ကလာတာ ” ဟု ၎င်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly