ဗြိတိန် အလုပ်လက်မဲ့နှုန်းနှစ်နှစ် အတွင်းပထမဆုံးအကြိမ် အဖြစ်မြင့်တက်လာ

ဗြိတိန် အလုပ်လက်မဲ့နှုန်းနှစ်နှစ် အတွင်းပထမဆုံးအကြိမ် အဖြစ်မြင့်တက်လာ

လန်ဒန်၊ ဇူလိုင်-၁၆ ။     ။ နိုင်ငံတော် စာရင်းရုံးမှ ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များ အရ ဗြိတိန်နိုင်ငံ (ယူကေ) ၏ အလုပ်လက်မဲ့နှုန်းမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

မတ်လမှ မေလအထိ ကာလအတွင်း လူဦးရေ ၁ဒသမ၈၅သန်းမှာ အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၅၀၀၀တိုးလာခြင်းဖြစ်ပြီး၊ အလုပ်လက်မဲ့နှုန်းမှာ ၅ဒသမ၆ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် လုပ်ခလစာမှာလည်း တရိပ်ရိပ် မြင့်တက်လာနေခဲ့သည်ဟု နိုင်ငံတော်စာရင်းရုံး၏ အချက်အလက်များအရ သိရသည်။

အပိုကြေးအပါအဝင် ပျမ်းမျှအပတ်စဉ်ဝင်ငွေမှာ နောက်ဆုံးသုံးလကာလတွင် ၃.၂ရာခိုင်နှုန်း နှုန်းဖြင့်မြင့်တက်လာနေ ခဲ့သောကြောင့် ၅နှစ်တာကာလအတွင်း အမြင့်ဆုံးနှုန်းဖြစ်သည်ဟု ဆိုသည်။ အလုပ်လက်မဲ့ကြေး တောင်းဆိုလာသူ အရေအတွက်မှာလည်း ဇွန်လတွင် ၇၀၀၀တိုးလာခဲ့ပြီး စုစုပေါင်း ၈၀၄၂၀၀အထိ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

နိုင်ငံတော်စာရင်းရုံး၏ ကိန်းဂဏန်းများအရ မတ်လမှ မေလအထိ သုံးလပတ်ကာလတွင် လုပ်ငန်းခွင်ဝင်နေသည့် အလုပ်လက် ရှိအရေအတွက်မှာ ၃၀ဒသမ၉၈သန်းရှိခဲ့ရာ၊ ယင်းပမာဏမှာ ရှေ့ကသုံးလပတ်ကာလထက် ၆၇၀၀၀လျော့ကျ သွားခြင်းပြီး ၂၀၁၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ပထမဆုံးသုံးလပတ်ကျဆင်းမှုပင်ဖြစ်သည်။

တစ်ရာလျှင် ၇၇ဒသမ၄ယောက်နှုန်းဖြင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် အလုပ်လက်ရှိလူဦးရေ အများဆုံးဖြစ်ပြီး၊ မြောက်အိုင်ယာ လန်မှာ ၆၇ဒသမ၉ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်သည်ဟု နိုင်ငံတော်စာရင်းရုံးမှ ကိန်းဂဏန်းများအရ သိရသည်။

 ‘ဒါဟာ လွန်ခဲ့တဲ့သုံးနှစ်မှာ ကျွန်တော်တို့တွေ့ခဲ့ကြရတဲ့ အလုပ်သမားဈေးကွက် တိုးတက်မှုနှုန်းဟာ ငြိမ်သွားလို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကောက်ချက်ချဖို့တော့ စောလွန်းပါသေးတယ်’’ဟု နိုင်ငံတော်စာရင်းရုံးမှ နစ် ပါမာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly