ဂရိပါလီမန်တွင် ချေးငွေကိစ္စ အခြေအတင်ဆွေးနွေးနေစဉ် ဆန့်ကျင်သူများက ဓာတ်ဆီဗုံးများဖြင့် ပစ်ပေါက်ဆန္ဒပြ

ဂရိပါလီမန်တွင် ချေးငွေကိစ္စ အခြေအတင်ဆွေးနွေးနေစဉ် ဆန့်ကျင်သူများက ဓာတ်ဆီဗုံးများဖြင့် ပစ်ပေါက်ဆန္ဒပြ

အေသင်၊ ဇူလိုင်-၁၆ ။     ။ လွှတ်တော် အမတ်များက ယူရိုဇုန်ချေးငွေအသစ်ကို ရရှိနိုင်ရန်အတွက် အလွန်အမင်း လူကြိုက်မများ သည့်ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ အခြေအတင်ဆွေးနွေးနေစဉ်တွင် ဇူလိုင်လ ၁၅ရက်နေ့ကခြွေတာရေး ဆန့်ကျင် ဆန္ဒပြသူများက ဂရိပါလီမန်အဆောက်အအုံရှေ့ရှိ ရဲများထံသို့ ဓာတ်ဆီဗုံးများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ကြသည်။

ရဲများကို ပစ်မှတ်ထားတိုက်ခိုက်စဉ် အေသင်မြို့လယ်ခေါင်ရှိ ဆင်တက်ဂမာရင်ပြင် အစိတ်အပိုင်းတစ်ချို့ကို မီးရှို့ခဲ့ကြသည့် မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများဖြင့် ပြန်လည် တုန့်ပြန်တိုက်ခိုက် ခဲ့သည် ကို မြင်ခဲ့ကြရသည်ဟု အေအက်ဖ်ပီဂျာနယ်လစ်များက ပြောကြားခဲ့သည်။ ပြုပြင်ပြောင်းလဲမှု လမ်းစဉ်ကို ဆန့်ကျင်သည့် လူပေါင်း ၁၂၅၀၀ခန့်က ပါလီမန်အဆောက်အအုံရှေ့တွင် ဆန္ဒပြကြရာမှ အကြမ်းဖက်မှု ပေါက်ကွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ကြွေးဝန်ပိနေသည့် ဂရိနိုင်ငံအား ထုတ်ဆယ်ကယ်တင်ရေး ချေးငွေအသစ် ယူရို ၆၈ဘီလျံကို ရရှိနိုင်ရေး ဇူလိုင်လ ၁၅ရက်နေ့က ယူူရိုဇုန်ဝန်ကြီးချုပ်များနှင့် သဘောတူခဲ့သည့် အစီအစဉ်များကို ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်က ထောက်ခံခဲ့သည့်အတွက် ၎င်း၏ခြွေတာမှုဆန့်ကျင်သည့် ပါတီအတွင်းနှင့် လက်ဝဲယိမ်းထောက်ခံသူများကြားတွင် မကျေမနပ် ဒေါသထွက်ခဲ့ကြရသည်။

သို့ရတွင် ဥရောပလိုလားသည့် အတိုက်အခံပါတီများ၏ ကျေးဇူးကြောင့် ပြုပြင်ပြောင်းလဲမှု လမ်းစဉ်များကို ဂရိပါလီမန်က လက်ခံ လိုက်နာမည့်သဘောရှိနေသော်လည်း ဇီပရပ်စ်၏ ဆိုင်ရီဇာပါတီကမူ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်များကို ဆန့်ကျင်ခြား နားနေခဲ့ သည်။

ဇူလိုင်လ ၁၅ရက်နေ့ မဲဆန္ဒခံယူပွဲဖြင့် မဲဆန္ဒရှင်များက ပယ်ချခဲ့သည့် အလုပ်သမားဥပဒေများ၊ ပင်စင်နှင့် အခြားအခွန်ပြောင်းလဲမှု များ ပါဝင်နေသောသောကြောင့် ဤသဘောတူညီချက်က အာဏာရ ရေဒီကယ် ဆိုင်ရီဇာပါတီကို နှစ်ခြမ်းကွဲသွားစေခဲ့သည်။     

ဒေါသူပုန်ထနေသည့် ၎င်း၏ပါတီကို စုစည်းရန်ကြိုးစားနေရသည့် ဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်က လာမည့်မဲပေးပွဲတွင် စည်း လုံးမှုကို ထိန်းသိမ်းထားကြရန် ၎င်း၏ လွှတ်တော်အမတ်များအား မေတ္တာရပ်ခံနေရသည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ANA က ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် လူမှုဖူလုံရေး အကျပ်အတည်းနှင့် စီးပွားရေးကပ်ဘေးကို ပြင်းပြင်းထန်ထန် ဆိုးရွားမ သွားစေရန် ရှောင်ကွင်းရမည့် တာဝန်ရှိနေသည်ဟု ဆိုင်ရင်ဇာအမတ်များ၏ တံခါးပိတ်အစည်းအဝေးတစ်ခုတွင် ဇီပရပ်စ် ကပြောကြား ခဲ့သည်။  

ဇူလိုင်လ ၁၄ရက်နေ့တွင် ဂျူနီယာဘဏ္ဍာရေးဝန်ကြီးနှင့် စီနီယာစီးပွားရေးဝန်ကြီးဖြစ်သည့် နာဒီရာ ဗာလာဗာနီက ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားခဲ့ရာ ဇီပရပ်စ်၏အစိုးရမှာ ပထမဆုံးနှုတ်ထွက်မှုကို ကြုံတွေ့လာရ သည်။ ‘ဒီပြင်ဆင်ချက်ကို ကျွန်တော်ထောက်ခံမဲပေးမှာမဟုတ်ဘူး။ ဆိုလိုတာက အစိုးရအဖွဲ့ထဲမှာ ကျွန်တော် ဆက်မနေတော့ ဘူးဆိုတာပါပဲ’’ဟု ဗာလာဗာနီက ပြောကြားခဲ့သည်။

၅နှစ်တာကာလအတွင်း တတိယမြောက် ကယ်ဆယ်ရေးအစီအစဉ်ဖြစ်သည့် သုံးနှစ်သက်တမ်းရှိချေးငွေ ယူရို၈၆ဘီလျံအတွက် အတုန့်အလှည့်အနေဖြင့် ဂရိက ဘာပြန်လုပ်ပေးရမည်ကို ယူရိုဇုန်ခေါင်းဆောင် ၁၈ယောက် မညှိနှိုင်းမီတွင် အေသင်ပါလီမန်က သဘောတူညီချက်ကို ဦးစွာပထမ သဘောတူအတည်ပြုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly