၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအများဆုံးဖြစ်

၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအများဆုံးဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။              ။ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့သည့် ပို့ကုန်များထဲတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ အများဆုံးဖြစ်နေကြာင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စီမံကိန်းရေးဆွဲရေးဦးစီးဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်ကပြောသည်။

“တင်ပို့တဲ့ထဲမှာတော့ သဘာဝဓတ်ငွေ့ကအများဆုံးပဲဗျ။ တန်ဖိုးကအများဆုံးပဲ" ဟု ၎င်းကပြောဆိုသည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော်ဖြင့် အများဆုံး ဖြစ်ပြီး အထည်ချုပ် ကဏ္ဍမှ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ဖြင့် ဒုတိယအများဆုံး ဖြစ်နေကြောင်း နိုင်ငံပိုင် သတင်းစာတွင်ဖော်ပြထားသည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိပြီး စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော်ရှိကာ ကျောက်မျက်ရတနာ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၆၈ ဒသမ ၉၄ သန်းရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

စက်ယန္တရားနှင့် စက်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၉ ဒသမ ၆၅ သန်းရှိပြီး တခြား ကဏ္ဍမှတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၃၁ သန်း ရှိနေသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက်အထိ လယ်ယာထွက်ကုန် ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၄ဝဝ ကျော် ရရှိထားပြီး တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ သန်းကျော်၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၇ သန်းကျော်၊ သတ္တု တွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၈ သန်းကျော်၊ သစ်တောထွက် ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၅ သန်းကျော်၊ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၈ဝဝ ကျော်နှင့် တခြားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၉၃ သန်းကျော် တင်ပို့ထားကာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၉ဝဝ ကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းများအနေဖြင့် အမေရိကန်နိုင်ငံက ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး မရရှိသော်လည်း ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့က အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ်ကဏ္ဍ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ အထိ ရရှိရန် မျှော်မှန်းထားကြောင်း အောက်တိုဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly