သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နှင့် ဂျပန်သို့ အသီးသီးသွားရောက်ရန်ရှိ

သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နှင့် ဂျပန်သို့ အသီးသီးသွားရောက်ရန်ရှိ
Photo-EPA

သမ္မတဦးထင်ကျော်သည် အောက်တိုဘာ ၂၆ ရက်၌ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ရန်ရှိပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁ ရက်၌ ဂျပန်နိုင်ငံသို့ သွားရောက်ရန် ရှိကြောင်း သိရသည်။

ဗီယက်နမ်သမ္မတ Tran Dai Nam ၏ ဖိတ်ကြားချက်အရ သမ္မတဦးထင်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်စုစုလွင်သည် အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။

ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ကြား ရင်းနှီးသည့် ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

နှစ်နိုင်ငံက စိုက်ပျိုးရေး၊ စက်မှုလယ်ယာ၊ ဘဏ္ဍာရေး၊ လေကြောင်းဆိုင်ရာ၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ တွင်းထွက်သတ္ထု၊ ကားတပ်ဆင်ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကုန်သွယ်ရေးတို့အပါအဝင် ဦးစားပေးနယ်ပယ် ၁၂ ရပ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။

၂၀၁၆ ဇွန်လအထိ မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံက စီမံကိန်း ၁၁ ခုဖြင့် ဆယ်နိုင်ငံမြောက် အကြီးဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။

နှစ်နိုင်ငံကုန်သွယ်မှုက ယခုနှစ် ပထမခုနစ်လအတွင်း ယခင်နှစ်ထက် ၁၅ ဒဿမ ၉ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂၉၉ သန်း ရှိသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု မြင့်မားရေးအတွက် နှစ်နိုင်ငံပူးပေါင်း ကုန်သွယ်ရေးကုန်စည်ပြပွဲများကိုလည်း ကျင်းပလျက်ရှိသည်။

ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဌ အမျိုးသမီးဖြစ်သူ Nguyen Thi Kim Ngan က တရားဝင်ခရီးစဉ် လာရောက်လည်ပတ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဂျပန်နိုင်ငံသို့ ငါးရက်တာ ခရီးစဉ် သွားရောက်ရန် ရှိနေသည်။

ဂျပန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်တာ ခရီးစဉ်သည် နိုဝင်ဘာ ၁ ရက်တွင် စတင်လိမ့်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၁ ရက်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ဘုရင်မင်းမြတ် အကီဟီတိုနှင့် မိဖုရား မီချီကိုတို့နှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

 “ဒီခရီးစဉ်က ဂျပန်နဲ့ မြန်မာနိုင်ငံကြားက သမိုင်းနဲ့ချီ ရှိနေခဲ့တဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကု ပိုမိုနက်ရှိုင်းစေမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင် အတိုက်အခံအမတ်အဖြစ် ရှိစဉ်က ဂျပန်နိုင်ငံသို့ ၂၀၁၃ ဧပြီလအတွင်းက နောက်ဆုံး သွားရောက်ထားခဲ့သည်။

ရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ လာရောက်ပါရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly